Monday, October 17, 2022

ဒူဘိုင်းနှင့် အိုမန်သို့ တရားမဝင် ပွဲစားများ၏ လိမ်လည်ပို့ဆောင်မှုကြောင့် အိမ်ဖော် မြန်မာအမျိုးသမီး အများအပြား ဒုက္ခရောက်၊ အခန်းတွင်း ပိတ်လှောင်ခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ လစာ မရခြင်းနှင့်အစာ အငတ်ထားခြင်းများ ကြုံနေရ

အရှေ့အလယ်ပိုင်း ဒူဘိုင်းနှင့် အိုမန်နိုင်ငံတို့တွင် အိမ်အကူလုပ်ဆောင်ရန် ပို့ဆောင်ခံရသည့် မြန်မာအမျိုးသမီး အများအပြား ပွဲစားများ၏ လိမ်လည်ပြောဆိုမှုများနှင့် တာဝန်မယူမှုများကြောင့် ဒုက္ခ ရောက်ကြရပြီး ရိုက်နှက်ခံရခြင်း၊ အခန်းတွင်း ပိတ်လှောင်ခံရခြင်း၊ အစာလောက်ငအောင် မစားရခြင်း၊ မတရားခိုင်းစေခံရခြင်းများ၊ ဖျားနာပါက ဆေးကုသခွင့် မပေးခြင်းများခံစားနေရကြောင်း အိမ်အကူ မြန်မာအမျိုးသမီးများက ပြောဆိုသည်။
အိုမန်နိုင်ငံတွင်ရောက်ရှိနေသော အိမ်ဖော် မြန်မာအမျိုးသမီး မစုစုဝင်းသည် အခန်းတွင်း ပိတ်လှောင်ခံရခြင်းအပြင် အိမ်ရှင်က အညို အမည်းစွဲသည်အထိ ရိုက်နှက်ခံရကြောင်း၊ ဆေးကုသခွင့် မရသည့်အပြင် အနားယူခွင့် မပေးကြောင်း၊ ဆေးဗူးသာ ပေး၍ လိမ်းစေကြောင်း၊ ၎င်းတို့ကို အိုမန်သို့ ပို့ဆောင်ပေးသည့် ပွဲစားမှာ စည်သူအောင် ဆိုသူ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လို့ပါက ၂ နှစ် စာချုပ်မပြည့်သည့်အတွက် AED 14000 (မြန်မာငွေ သိန်း ၂၃၀ ဝန်းကျင်) နှင့် သူ့အတွက် ပွဲစားခ AED 4500 လျော်ကြေးပေးရန် ပြောဆိုကြောင်း သိရှိရသည်။
မစုစုဝင်းကို အိမ်ရှင်က ရိုက်နှက်ခြင်း အပါအဝင် အခက်အခဲများကို ပွဲစား စည်သူအောင်က ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိကြောင်း၊ လျှော်ကြေးပေး၍ မြန်မာပြည်ပြန်မည်ဆိုပါက မိမိအစီအစဉ်ဖြင့် လေယာဉ်လက်မှတ် စီစဉ်ပြီး ပြန်ရန် တာဝန်မဲ့စွာ ပြောကြားကြောင်း၊ ထို့ပြင် ပွဲစား စည်သူအောင် ကြောင့် အိုမန်တွင် ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီး အများအပြားရှိနေကြာင်း သိရှိရသည်။
“ အိုမန်မှာက ၁၂ ယောက် ၊ ဒူဘိုင်းမှ ၁၆ ယောက် ပွဲစား စည်သူအောင်ကြောင့် ဒုက္ခရောက်နေကြတာ ။ သူတို့ ရိုက်နှက်ခံရတယ်။ လူသိမှာစိုးလို့ ဆေးမကုပေးဘူး ဆေးဗူးပဲ ပေးတယ်။ သူတို့က အရမ်းစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပြီးတော့ အိုမန်မှာ ဒုက္ခရောက်နေတဲ့ ညီမလေး တစ်ယောက်ဆိုရင် အိမ်ဖော်လုပ်ခ လစာ အိုမန် ငွေ ၉၀ ပဲ ရလို့ ပြောင်းပေးပါ။ ဒါမှမဟုတ် လစာတောင်းပေးပါ ပြောတာကို မြန်မာပြည် အေးဂျင့်က တာဝန်လုံးဝမယူဘဲ အေးပါ စကားတစ်ခွန်းပဲ အမြဲလိုလိုပြောပြီး ဘာမှ ထူးခြားမှု မရှိ။ ထမင်းမစားရဘူးပြောရင်လည်း “မင်းအိမ် မဟုတ်ဘူး” ဆိုပြီး မြန်မာပြည် အေးဂျင့်က ပြောတယ်တဲ့။ ။ ဒုက္ခတွေ့နေတဲ့ ညီမလေးတွေရဲ့ နာမည်က အားဂီးဒီ၊ ငှားဆာရာ၊ ချီမာဆဲ၊ စုစုဝင်းတို့ပါ။ ရှေ့ သုံးဦးက လီဆူးတိုင်းရင်းသူတွေပါ” ဟု အိုမန်နိုင်ငံတွင် ဒုက္ခကြုံတွေ့ခံစားရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ထို့ပြင် ဒူဘိုင်းသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုပြီး လေယာဥ်တက်မှ ဒူဘိုင်းမဟုတ်ဘဲ အိုမန်သို့ ပို့ဆောင်သည်ကို သိရှိရသူများလည်း ရှိနေပြီး ထို့သို့ ပို့ဆောင်ခံရသူများမှာ မသီရိဝင်းရွှေနှင့် မစိမ့်ဇာခြည်ဝင်းတို့ ညီအစ်မ နှစ်ဦးတို့ လည်းပါဝင်ကြောင်း၊ ပွဲစား မလင်းလင်းနိုင်ဆိုသူက လိမ်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
မသီရိဝင်းရွှေနှင့် မစိမ့်ဇာခြည်ဝင်းတို့သည် ဒူဘိုင်းသို့ သွားရောက်ရန်အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းခန့် စုစုပေါင်း သိန်း ၂၀ ကို ပွဲစား မလင်းလင်းနိုင်ကို ပေးရကြောင်း မိဘဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“အခု ညီမလေး သီရိဝင်းရွှေက ရုံးမှာ ပြန်ရောက်နေပါတယ်။ နှလုံးအားနည်းရောဂါအခံရှိတယ်ရှင့်။ သူတို့က အလျော်ပေးနိုင်မှ ပြန်ရမယ်တဲ့။ ပွဲစားနာမည်က မလင်းလင်းနိုင်ဆိုတာ။ ဒူဘိုင်းဆိုပြီး အိုမန်ကို ပို့တယ်ဆိုတာကို သွားပြောတော့ ပွဲစားခ ၁၀ သိန်းထဲက တစ်ယောက်ကို ၃ သိန်း ၊ ညီမနှစ်ယောက် ၆ သိန်း ပြန်ပေးတယ်။ အေးဂျင့်ရုံးမှာ ပြန်ရောက်တဲ့ သီရိဝင်းရွှေကိုလည်း တစ်နေ့ကို ထမင်းတစ်နပ်ပဲ ကျွေးတယ်။ ဖုန်းသိမ်းထားပြီး ပိုက်ဆံတောင်းမယ့် အချိန်ပဲ ပေးဆက်သွယ်တယ်။ အခန်းထဲ ပိတ်ထားတယ်။ အလုပ်မှာလည်း မနက် ၄ နာရီခွဲ ထရပြီး ည ၁၂ နာရီမှ အိပ်ရတယ်။ တစ်နေကုန် အလုပ်လုပ်ရတယ်” ဟု မိဘဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
ပွဲစား လင်းလင်းနိုင်က သူ့ ဓာတ်ပုံများကို ယူသုံးလျှင် တရားစွဲမည်ဟု မိသားစုဝင်များကို ခြိမ်းခြောက်ပြောဆိုခြင်း၊ အိမ်ပြန်မည်ဆိုပါက အိုမန်ငွေ ၁၅၀၀ (မြန်မာငွေ သိန်း ၁၀၀ ဝန်းကျင်) ပေးလျော်ရန် ပြောဆိုကြောင်း၊ လေယာဉ်ခများနှင့် ဆိုပါက ၂ ဦးလျှင် သိန်း ၂၀၀ ကျော်ပေးရမည်ဖြစ်၍ မိသားစုဝင်များမှာလည်း လျော်ကြေးပေးရန် မတတ်နိုင်ဘဲ အခက်အခဲတွေ့နေရကြောင်း သိရှိရသည်။
ဒူဘိုင်းတွင် အိမ်အကူလုပ်ဆောင်ရင်း အသက်အန္တရာယ်အထိ ကြုံတွေ့နေရသူများလည်း ရှိနေပြီး ပွဲစားများက မည်သည့် တာဝန်မှ မယူဘဲ လျှော်ကြေးပေးရန် ပြန်နိုင်ကြောင်းသာ ပြောဆိုကြကြောင်း သိရှိရသည်။
“ညီမက ဒူဘိုင်းမှာအိမ်ဖော်လုပ်တာ ။ အခန်းက သော့မရှိဘူး။ ညအိပ် သန်းခေါင်ယံ အခန်းကို လာလာတွန်းဖွင့်ပြီး ပြဿနာ ရှာတယ်။ လူကို တွေ့ရင် တံတွေးနဲ့ ထွေးတယ်။ ရေနဲ့ ပက်တယ်။ တစ်ခုခုလုပ်မယ့် အပြုအမူမျိုး။ သူဌေးမဟုတ်ဘူး။ သူဌေးရဲ့ အစ်ကိုက လုပ်တာ။ ရောက်စကတည်းက ဆဲဆိုတယ်။ သူက စိတ်မမှန်ဘူး။ ဟိုနေ့ညက သတ်ဖို့ပါလုပ်တာ။ ထွက်ပြေးပြီး အေးဂျင့်ကို ပြန်ဖို့လုပ်တော့လည်း ထွက်လို့ မရအောင် အထိ သော့ခတ်ပိတ်ထားတယ်။ မြန်မာပွဲစားက အေးမိစံ ဆိုသူပါ” ဟု ကိုယ်တိုင် ကြုံတွေ့ခံစားရသူ မနန်းစုမြတ်ငယ်က ပြောကြားသည်။
အိုမန်တွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်‌နေသူ မခင်အိအိဇာမှာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အိုမန်သို့ရောက်ရှိခဲ့ပြီး အိုမန်ရှိ ပွဲစား သဲသဲဆိုသူက အိမ်ရှင်သူဌေးထံသို့‌ ငွေဖြင့် ရောင်းစားခဲ့ကြောင်း၊ မခင်အိအိဇာမှာ အိုမန်သူဌေး၏ မတရားခိုင်းစေခြင်း၊ အစားကို ပုံမှန်မကျွေးခြင်း၊ လုပ်အားခ မပေးဘဲ ထားခြင်း၊ Passport , ID ကတ်များ သိမ်းဆည်းထားခြင်းတို့ ကြုံတွေ့နေရကြောင်း၊ ကျန်းမာရေးအပြင်းအထန် ချို့တဲ့နေသော်လည်း ပွဲစားဖြစ်သူက တာဝန်ယူခြင်း မရှိဘဲ သိန်း ၆၀ ပေးလျော်မှသာ အိမ်ပြန်ရမည်ဟု ပြောဆိုကြောင်း ၊ လက်ရှိအချိန်တွင် မခင်အိအိဇာမှာ အိမ်ရှင် သူဌေး၏ မတရားခိုင်းစေ နှိပ်စက်မှုကြောင့် ထွက်ပြေးနေရကြောင်း မခင်အိအိဇာ၏ သူငယ်ချင်းဖြစ်သူ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“မြန်မာပြည်က ပို့လိုက်တဲ့ ပွဲစားက ပန်းနွေ ၊ Passport ပွဲစားလည်း လုပ်တယ်။ မသဲသဲက အိုမန်က ပွဲစား။ ပတ်စပို့ကို အေးဂျင့်ကနေ သိမ်းထားတယ်။ မြန်မာပွဲစား ပန်းနွေကလည်း တာဝန်မယူတဲ့အပြင် မိုက်ရိုင်းစွာ ပြောဆို ဆက်ဆံတယ်လို့ ပြောပါတယ်။ အိုမန် အေးဂျင့် သဲသဲကလည်း လူသားချင်း မစာနာ မတရားပြောတယ်လို့ ဆိုပါတယ်။ သူတို့တွေက တရားဝင် အေးဂျင့်တွေလားတော့ မသိဘူး တရား မဝင်ဘူး ထင်တယ်” ဟု မခင်အိအိဇာ၏ သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။
လက်ရှိအချိန်တွင် မခင်အိအိဇာမှာ ကျန်းမာရေးချို့တဲ့သည့် ကြားမှ ထွက်ပြေးနေရသည့်အပြင် ပတ်စ်ပို့မရှိ၍ အိမ်ပြန်၍လည်း မရဘဲ ဒုက္ခတွေ့နေရကြောင်း၊ အိုမန် အေးဂျင့်က လည်း ထွက်ပြေး၍ မခင်အိအိဇာကို ခြိမ်းခြောက်ကြောင်း၊ ၇ ရက်အတွင်း ပြန်မလာလျှင် ရဲနှင့် ဖမ်းပြီး ထောင်ချမည် ပြောကြားကြောင်း၊ မခင်အိအိဇာတွင် မိသားစုမရှိ၍ ပွဲစားကို ပေးလျှော်ရမည့် ကျပ်သိန်း ၆၀ မှာလည်း အခက်တွေ့နေရကြောင်း သိရှိရသည်။

khit thit

0 comments:

Post a Comment