Thursday, October 20, 2022

မြန်မာနိုင်ငံမှ အသက်ဘေးအတွက် ထွက်ပြေးလာသူများကို အတင်းအကျပ် ပြန်ပို့မှုများ ချက်ချင်း ရပ်ဆိုင်းရန် အစိုးရများကို UNHCR က အရေးပေါ် တောင်းဆို


မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို စစ်ကောင်စီလက်အောက်သို့ အတင်းအကျပ် ပြန်မပို့ရန် အစိုးရများကို UNHCRက အရေးပေါ် ပန်ကြားတောင်းဆိုလိုက်သည်။

စစ်ကောင်စီကြောင့် အသက်ဘေး လု၍ ထွက်ပြေးလာရသည့် မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်ပို့ခြင်းများကို ချက်ချင်း ရပ်တန့်ရန် ဒေသတွင်း နိုင်ငံများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က အရေးပေါ် ပန်ကြားချက် ထုတ်ပြန်သည်။
ဘေးကင်းလုံခြုံရေး အသက်လု ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများကို စစ်ကောင်စီလက်အောက်သို့ ပြန်ပို့ခြင်းသည် အသက်များစွာ ဆုံးရှုံးမှုများစွာ ကြုံတွေ့စေမည့် အခြေအနေသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း UNHCR က ဆိုသည်။
UNHCR အနေဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများက ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့်လျှောက် ထားသူများကို မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်နေသော သတင်းများအတွက် အလွန်စိုးရိမ်ကြောင်း၊ UNHCR အနေဖြင့် ဘေးကင်းလုံခြုံရေး ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် အစိုးရများကို ထပ်မံ တောင်းဆိုကြောင်း UNHCR က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များကို ဖမ်းဆီးထားခြင်းများကို ရပ်ဆိုင်းရန်လည်း တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် ခွဲခြားမဆက်ဆံဘဲ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နယ်စပ်ဒေသအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ပြည်သူများကို နိုင်ငံတွင်းနှင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးရန် တွန်းအားပေးလျက်ရှိသည်။
မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများသည် ခိုလှုံခွင့်တောင်းရန် နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်နှင့်အတင်းအကျပ် ပြန်ပို့မှုများမှ အကာအကွယ်ပေးရမည်ဖြစ်ကြောင်း ၊ ပြည်ပတွင် ရောက်ရှိပြီး နိုင်ငံတကာ၏ ကာကွယ်မှု ရှာနေသော မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်မပို့သင့်ဟု UNHCR ကဆိုသည်။
ထိုသို့ အတင်းအကျပ် ပြန်လည်မပို့ဆောင်ခြင်းသည် နိုင်ငံတကာဥပဒေ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အစိုးရများအားလုံးလိုက်နာရမည်ဖြစ်ကြောင်း UNHCR က ဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် ဒုက္ခသည်များကို အကာအကွယ်ပေးရေးနှင့် အကူအညီများ ပေးခဲ့သည် ဆယ်စုနှစ်များစွာကြာသော သမိုင်းကြောင်းရှိကြောင်း၊ အစိုးရများအနေဖြင့် နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အသက်ကယ် လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်းများကို ဆက်လက် လိုက်နာရန် တောင်းဆိုထားသည်။
UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ဒုက္ခသည်များအတွက် ၎င်းတို့လိုအပ်သော အကာအကွယ်များ ရရှိစေရေးအတွက် ဒေသတွင်းရှိ အမျိုးသားနှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံ အဆင့်ဆင့် ပံ့ပိုးကူညီရန် အသင့်ရှိနေသည်ဟု UNHCR က ဆက်လက်ပြောဆိုသည်။
မလေးရှား-မြန်မာ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် အောက်တိုဘာ ၆ ရက်နေ့ အထောက် အထားမဲ့ မြန်မာနိုင်ငံသား ၁၅ဝ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ယင်းတို့အထဲတွင် ခိုလှုံခွင့်ရရှိရေး ကြိုးစားနေသည့် CDM ရေတပ်အရာရှိဟောင်း ခြောက်ဦး ပါဝင်နကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။
CDM ရေတပ်အရာရှိဟောင်း ၆ ဦးသည် မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ တစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်ရရှိရေး ကြိုးစားနေသူများဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြထားသည်။

khti thit

0 comments:

Post a Comment