Wednesday, October 26, 2022

ကုလမှာ ယူကရိန်းကို လုပ်ပေးသလိုမျိုး မြန်မာအတွက် နိုင်ငံပေါင်းစုံညွန့်ပေါင်းအဖွဲ့ဖွဲ့ပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ဖို့ လိုအပ်နေပြီ

ကုလညီလာခံမှာ ယူကရိန်းအတွက် ဆောင်ရွက်သလို မြန်မာအတွက်လည်း နိုင်ငံပေါင်းစုံညွန့်ပေါင်းအဖွဲ့ဖွဲ့ပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးက ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာကြီးက မြန်မာနိုင်ငံအပေါ် တာဝန်မကျေဘဲ အပြောင်းအလဲ တစ်ခုခုဖြစ်အောင် လုပ်မှဖြစ်တော့မှာ ဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံနဲ့ အခြားနိုင်ငံတွေ ဦးဆောင်သူ အခန်းကဏ္ဍကို ရယူပြီးလုပ်မယ်ဆိုရင်တော့ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့လည်း အောက်တိုဘာလ ၂၆ ရက်နေ့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးအတွင်း မြန်မာနိုင်ငံအခြေအနေကို အစီရင်ခံစာတင်သွင်းရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းက အခြေအနေတွေနဲ့အတူ ယခုရက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း တင်ပြခဲ့ပြီး ကမ္ဘာကြီးက တုန့်ပြန်ဆောင်ရွက်မှု မရှိရင် နောက်တစ်ကြိမ်အစီရင်ခံတဲ့အခါ အခုထက်ပိုမိုဆိုးရွားတဲ့ သတင်းတွေကိုပဲ ကြားရလိမ့်မယ်လို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ်မှာ နိုင်ငံတကာရဲ့ တုန့်ပြန်ပုံက အပြောင်းအလဲမရှိတာကိုလည်း ပြည်သူတွေက ဝေခွဲမရဘဲ နားလည်ရ ခက်နေကြတယ်လို့ ယင်းကထပ်မံ ပြောပါတယ်။

MyanmaPlatform

0 comments:

Post a Comment