Tuesday, October 11, 2022

ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်စွပ်စွဲသည့် အမှုနှစ်ခုဖြင့် ထောင် ၃ နှစ်ထပ်တိုး


အာဏာပိုင်အသိုင်းအဝိုင်းနှင့် အစဉ်တစ်စိုက် နီးစပ်လေ့ရှိသည့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် စွပ်စွဲသော အဂတိမှုနှစ်ခုဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင် ၃ နှစ် ထပ်မံ သတ်မှတ်လိုက်သည်။
အမေရိကန်ဒေါ်လာ ၅ သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ထံ လေးကြိမ်ခွဲ၍ ပေးခဲ့သည်ဆိုသော မောင်ဝိတ်၏ ပြောဆိုချက်ကို အခြေခံကာ စစ်ကောင်စီက ထောင် ၁၅နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီး လပိုင်းအကြာကတည်းက အမှု နှစ်ခုခွဲ၍ဖွင့်သည်။
ယနေ့ (အောက်တိုဘာ ၁၂)တွင် နေပြည်တော် အချုပ်ထောင်အတွင်း မန္တလေးတိုင်း တရားသူကြီး ဦးမြင့်ဆန်း စစ်ဆေးသည့် သီးသန့် တရားခွင်က နှစ်မှုပေါင်း ၃နှစ် အမိန့်ချမှတ်ခြင်းဖြစ်သည်။ အသေးစိတ်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
အမိန့်မချမီ ငါးလဝန်းကျင်အလို မေ ၃၁ ရက် ရုံးချိန်းတွင်မူ ထိုငွေများကို အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်နေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးထံ ပေးခဲ့ခြင်းကြောင်း မောင်ဝိတ် ကိုယ်တိုင် တရားခွင်၌ ထွက်ဆိုသည်ဟု တရားရုံးနှင့် နီးစပ်သူထံမှသိရသည်။
၂၀၂၁ မတ်တွင် စစ်ကောင်စီ ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင်ပါဝင်သကဲ့သို့ ငွေများကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးခဲ့သည်ဟု စွပ်စွဲသူ မောင်ဝိတ် ကိုယ်တိုင် တရားခွင်တွင် မထွက်ဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုနေ့ တရားခွင်အပြီးတွင် မောင်ဝိတ်က မျက်ရည်ကျလျှက် ထိုင်ကန်တော့ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် က မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ လစ်လျူရှုခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
မောင်ဝိတ်စွပ်စွဲ သည့် အမှုနှစ်ခုစလုံးတွင် စစ်ကောင်စီက ရန်ရှာမည်စိုး၍ တပါးသူကို သက်သေမတင်ပဲ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ပင် အပြစ်မရှိဟု ထုချေခဲ့သည်ဟု ၎င်းထံမှသိရသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ၊ နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉မှု စွပ်စွဲခံရကာ ၁၄မှုဖြင့် ထောင် ၂၆ နှစ် အထိချမှတ်ပြီးဖြစ်သည်။
NLD အစိုးရလက်ထက်တွင် သဘာဝဘေးအတွက် သုံးရန် ငှားရမ်း၊ ဝယ်ယူသည့် ရဟတ်ယာဉ်ကိစ္စ အဂတိမှုဖြင့် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၅မှုကို နေပြည်တော်အချုပ်ထောင်သို့ ပို့ခံထားရသည့် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။
ယနေ့ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာစွာတွေ့ရသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

သတင်း-အောင်ဇေ/Myanmar Now

0 comments:

Post a Comment