Monday, October 17, 2022

အုပ်စုအကျိုးစီးပွားများအပေါ် ကျောက်ချနေပါက နွေဦးတော်လှန်ရေးမှာ သေးငယ်ကျုံ့ဝင်သွားပြီးအားကောင်းသည့် လူထုတော်လှန်ရေးဖြစ်မည် မဟုတ်တော့ဟု NUG ယာယီသမ္မတ ပြော

အုပ်စုအကျိုးစီးပွားများအပေါ် ကျောက်ချနေပါက နွေဦးတော်လှန်ရေးမှာ သေးငယ်ကျုံ့ဝင်သွားပြီး အားကောင်းသည့် လူထုတော်လှန်ရေးဖြစ်မည်မဟုတ်တော့ဟု အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် NUG ၏ (၇၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။
“စစ်ရေးပူးပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျ လုပ်ကြရမယ်လို့ တိုက်တွန်းချင်ပါတယ်။မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့ နေရာမှာ သဘောထားအမြင် ကျဉ်းမြောင်းစွာ ချည်းကပ်လုပ်ဆောင်ဖို့ မသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေး အစွဲတွေကို ကျော်နိုင်ဖို့ လိုပါလိမ့်မယ်။ မဟာမိတ်ဆက်ဆံရေးမှာ ရေတိုအကျိုးစီးပွားတွေကိုပဲ ကြည့်ပြီး လုပ်ဆောင်တာမျိုးကိုလည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အုပ်စုအကျိုးစီးပွားတွေအပေါ်မှာပဲ ကျောက်ချနေမယ်ဆိုရင် ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ သေးငယ်ပြီး ကျုံ့ဝင်သွားပါလိမ့်မယ်။ ကြီးမားကျယ်ပြန့်ပြီး အားကောင်းတဲ့ လူထုတော်လှန်ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကို သတိချပ်ပြီးတော့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ မဟာမိတ်ဆက်ဆံရေး တပ်ပေါင်းစုကို အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်"ဟု ဒူဝါလရှီးလက ပြောသည်။
ထို့ပြင် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်အခါ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အုတ်မြစ်ချမည့် အမျိုးသားရေးအခြေခံမူများကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှာဖွေ ဖော်ထုတ် အုတ်မြစ်တည်ထားကြရန်လည်း လရှီးလက ​ပြောသည်။
"အခြေခံမူတွေဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံဖို့နဲ့ နိုင်ငံအတွင်းက လူမျိုးအားလုံးကို လွှမ်းခြုံစေဖို့ လိုပါတယ်။ ဒါ့အပြင် လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖီလာဆန့်ကျင်စေမယ့် ပြဋ္ဌာန်းချက်တွေကိုလည်း ရှောင်ရှားကြဖို့လည်း အထူးသတိပေးလိုပါတယ်။ အနာဂတ်နိုင်ငံတော်ရဲ့ နှစ်ပေါင်း (၅၀) (၁၀၀) လောက်အထိ ကြိုတင်ရှုမြင်ပြီး အနာဂတ်အတွက် အခြေခံမူတွေကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ စဉ်းစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု လရှီးလက ဆက်လက်ပြောသည်။

0 comments:

Post a Comment