Thursday, October 6, 2022

ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်မှ အိန္ဒိယသို့ ရွှေမှောင်ခိုသွင်းမှု ကြီးထွားနေ

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်မှတဆင့် နိုင်ငံအတွင်းသို့ ရွှေမှောင်ခို တင်သွင်းမှု အရှိန်အဟုန်ဖြင့် ကြီးထွားလာနေကြောင်း အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်က ယမန်နေ့က ပြောဆိုလိုက်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားကြသည်။
စက်တင်ဘာလအတွင်း ရွှေပမာဏာ ၁၂၁ ကီလိုဂရမ်အထိ မှောင်ခိုတင်သွင်းမှု ၁၁ မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေမှောင်ခိုသမားများသည် ထိုအရှေ့မြောက် နယ်စပ်ဒေသကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆဲဖြစ်ပြီး လိမ္မာပါးနပ်စွာ ဖုံးကွယ်နည်းမျိုးစုံအသုံးချ၍ မှောင်ခို တင်သွင်းလာနေကြကြောင်း ဝန်ကြီးဌာန၏ အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
မိဇိုရမ်ပြည်နယ် Aizwal မှ မွန်ဘိုင်းသို့ အမြန်ချောပို့ဖြင့် ပို့ဆောင်ခြင်း၊ အဝတ်များဖြင့် စည်းကာ ဂုန်နီအိတ်ထဲဝှက်ကာ သယ်ဆောင်ခြင်း အစရှိသော နည်းလမ်းများဖြင့် မှောင်ခို တင်သွင်းလာသော နိုင်ငံခြားရွှေ ၆၅ ဒသမ ၄၆ ကီလိုဂရမ် ကို သိမ်းဆည်းရမိခဲ့ပြီး တန်ကြေးမှာ ရူပီး ၃၃ ဒသမ ၄၀ ကုဋေ တန်ဖိုးရှိကြောင်း အိန္ဒိယ၏ အခွန် ထောက်လှမ်းရေး ဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာန (DRI) က ဆိုထားသည်။
အဆိုပါ လမ်းကြောင်းအတိုင်း မြန်မာမှ နိုင်ငံခြားရွှေမှောင်ခို သယ်ဆောင်လာသော ဖြစ်စဉ်တခုတွင်လည်း DRI က ရူ ပီး ၁၁ ဒသမ ၆၅ တန်ဖိုးရှိသော ရွှေအလေးချိန် ၂၃ ဒသမ ၂၃ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့သည်။
ထိုဖြစ်စဉ် နှစ်ခုသည် စက်တင်ဘာလအတွင်း ဖမ်းမိရခဲ့သော အမှုများထဲမှ ပမာဏ အများဆုံး ဖမ်းဆီးရမိသော အမှု များဖြစ်ပြီး အခြားသော ၉ မှုသည်လည်း နိုင်ငံ၏ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသမှ မှောင်ခိုတင်သွင်းလာကြခြင်း ဖြစ်ကာ မှောင်ခိုရွှေ ၂၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ပုံစာ- မော်တော်ယာဉ်အောက်ပိုင်းတွင် မှောင်ခိုတင်သွင်းလာသော ရွှေများ ဖမ်းဆီးရမိမှု (ANI သတင်းဌာန)
ဧရာဝတီ

0 comments:

Post a Comment