Thursday, October 20, 2022

နေပြည်တော်ကျောက်မျက်ပွဲ ရုရှားစီးပွားရေးသမားများ ပထမဆုံးအကြိမ် တက်


နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ စစ်ကောင်စီ ဦးစီး ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပထမဆုံး အကြိမ်အဖြစ် တက်ရောက်ကြောင်း သိရသည်။

ယင်း ကျောက်မျက်ပြပွဲ ဖွင့်ပွဲကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး မှလည်း တက်ရောက်ခဲ့ကြသည်။
ယင်းပြပွဲသို့ တက်ရောက်နေသည့် စစ်ကိုင်းတိုင်းမှ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တဦးက “မနေ့ကရော ဒီနေ့လည်း ရုရှားစီးပွားရေး လုပ်ငန်းရှင်တွေ လာတယ်။ စီးပွားရေး လုပ်ငန်းတခုကို MoU ထိုးမယ်လို့ ပြောတယ်။ ဘယ်အပိုင်းကို ချိတ်လုပ်မယ်တော့ မသိဘူး။ အရင်က ရုရှားကုန်သည်တွေက ကျောက်မျက်တွေကို စိတ်ဝင်တစားနဲ့ လာတာ လုံးဝ မရှိဘူး။ ဒီကောင်တွေက ကျောက်မျက်ပြပွဲ ဗန်းပြပြီး တခြားဟာတွေ လက်မှတ်ထိုးတာလဲ လုပ်နိုင်တယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ယခု ပြသနေသော နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲသို့ ပြည်ပ စီးပွားရေးလုပ်ငန်းရှင် ကုန်သည်များအနေဖြင့် တရုတ်နှင့် ရုရှားကုန်သည်များအပြင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းမှ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များ လာရောက်ကြကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ ၄၀၀၊ ကျောက်မျက်အတွဲ ၁၂၀နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့အား ပြသထားပြီး ပုလဲအတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေး အမေရိကန်ဒေါ်လာ ၁၀၀၀၊ ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံး အခြေခံဈေး ယူရို ၅၀၀၊ ကျောက်စိမ်း အချောထည်အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေး ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေး ယူရို ၅၀၀၀ သတ်မှတ်ထားသည်။
စစ်ကောင်စီက ကျောက်မျက်အခွန်အခများ အတင်းအကျပ် တောင်းခံခြင်း၊ လေလံတင်ရောင်းချခြင်း၊ ပြည်ပတင်ပို့ခြင်း တို့မှ ငွေရှာနေခြင်းသည် တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က တိုက်တွန်းထားသလို အထက်ပါ ညွှန်ကြားချက်ကို လျစ်လျူရှုပါက ကုမ္ပဏီနှင့် လုပ်ငန်းရှင်များကို အမည်ပျက် စာရင်းသွင်းမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ သွားမည်ဟုလည်း ကြေညာထားသည်။

ဧရာဝတီ

0 comments:

Post a Comment