Thursday, October 20, 2022

အရှေဒဂုံမြို့နယ်တွင် ရိုဟင်ဂျာ တစ်ရာကျော် ဖမ်းဆီးခံရ

ဒဂုံမြို့သစ်အရှေပိုင်း ၁၀ ရပ်ကွက်တွင် ယမန်နေ့ ည ပိုင်းက ရိုဟင်ဂျာ ၁၁၇ ဦးနှင့် လိုက်လံပို့ဆောင်သူ လေးဦးကိုစစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
ဒဂုံမြို့သစ်အရှေပိုင်း ၁၀ ရပ်ကွက် ဧရာဝတီလမ်းရှိ နေအိမ်တစ်လုံးအား ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဧည့်စာရင်းဝင်စစ်ရာမှ ရိုဟင်ဂျာ တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။
"ညကဧည့်စာရင်းဝင်စစ်ပြီး ဖမ်းတယ်လို့ကြားတယ် ကားနှစ်စီးလဲ သိမ်းသွားတယ် စစ်တပ်ရော ရဲရော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ရောပါသွားတာ အဖမ်းခံရတဲ့သူတွေများတယ်"ဟု ရှင်းပြသည်။
ဖမ်းဆီးခံခဲ့ရသူ ရိုဟင်ဂျာများမှာ အမျိုးသား ၇၈ ဦး နှင့် အမျိုးသမီး ၃၉ ဦးဖြစ်ပြီး ယာဥ်မောင်းအပါအဝင်လေးဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။
"ဖမ်းတဲ့သတင်းကတော့ဟုတ်တယ် အားလုံးပေါင်း ၁၁၇ယောက် မြန်မာလူမျိုးလေးယောက် အားလုံး ၁၂၁ယောက် တင်လာတဲ့ကားနှစ်စီးပါ သိမ်းထားတယ်၊အဖမ်းခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေလဲ အများကြီးပါတယ်"ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများကို ဒဂုံမြို့သစ်အရှေပိုင်း ရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။
ရန်ကုန်တိုင်းရှိ တွံတေး ၊တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ရွှေပြည်သာမြို့နယ်များတွင် ပြီးခဲ့သည့်လများက ဖမ်းဆီးခံရသူရိုဟင်ဂျာဦးရေ သုံးရာနီးပါးရှိပြီး လဝကဦးစီးဌာနမှ သက်ဆိုင်မြို့နယ်တရားရုံးများတွင် လဝကပုဒ်များဖြင့် အမှုဖွင့်လှစ်တရားစွဲထားသည်။


0 comments:

Post a Comment