Thursday, October 6, 2022

အဖွဲ့ဟောင်းများဖြင့်သာ ဆွေးနွေးခဲ့သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး မြေပုံ

စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ပထမအကြိမ် ဆွေးနွေးခဲ့သည့် အဖွဲ့ ဟောင်းများဖြင့်သာ ဆွေးနွေးပြီး အဆုံးသတ်သွားခဲ့သည်။
စစ်ကောင်စီသည် ငြိမ်းချမ်းရေး ဆွေးနွေး ရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့သည်။
ပထမအကြိမ်ဆွေးနွေးပွဲတွင် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်ခုနှစ်ဖွဲ့နှင့် လက်မှတ်မထိုးထားသည့် သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်ခဲ့ကြ သည်။
လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LUD)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် လက်မှတ်မထိုးထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့တို့ ဖြစ်သည်။
စစ်ကောင်စီဘက်က ဖိတ်ခေါ်သည့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မေလ ၂၀ ရက်မှ ဩဂုတ်လ ၄ ရက်ထိပြုလုပ်ခဲ့ပြီး တစ်ဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲများကို ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSမှအပ ကျန်အဖွဲ့များကို နှစ်ဖွဲ့ပေါင်း၍ဖြစ်စေ၊ သုံးဖွဲ့ပေါင်း ၍ဖြစ်စေ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီမှအပ ကျန်အဖွဲ့များ တွေ့ဆုံပြီးဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံခဲ့သည့် NCA လက်မှတ်မထိုးထားသည့် အဖွဲ့များနှင့် တွေ့ဆုံမှုတွင် ‘ဝ’ ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ရန်နှင့် မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ် မှတ်ဖို့ မူအားဖြင့် စစ်ကောင်စီနှင့် သဘောတူညီမှု ရရှိခဲ့ကြသည်။
မွန်ပြည်သစ်ပါတီသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကရင်လက်နက်ကိုင် ၂ ဖွဲ့နှင့်အတူ စစ်ကောင်စီ နှင့် ဆွေးနွေးရန်စီစဥ်ခဲ့သော်လည်း အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ မပါဝင်ခဲ့ပေ။ မွန်ပြည်သစ်ပါတီအနေဖြင့် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၁၃ ရက်တွင် မွန်လူထု၏ သဘောထားစစ်တမ်းတစ်ခု ထွက်ရှိခဲ့သည်။
အဆိုပါစစ်တမ်းကို မွန်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် လဂွန်းအိမ်စာစဥ်မှ ကောက်ယူထားပြီး မွန်ပြည်သစ်ပါတီအနေဖြင့် စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်သင့်ကြောင်း စစ်တမ်းဖြေဆိုသူ ၉၁ ရာခိုင်နှုန်းကျော်က သဘောထားမှတ်ချက် ပေးခဲ့ကြသည်။
ပထမအကြိမ် တွေ့ဆုံဆွေးနွေးပြီးကတည်းက မွန်ပြည်သစ်ပါတီကို မွန်လူထုထုဘက်က ဝေဖန်ထားပြီး မွန်လူမျိုးများ၏ နိုင်ငံရေးလိုအပ်ချက်အရ စစ်ကောင်စီနှင့် ဆွေးနွေးခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဘက်က တုံ့ပြန်ပြောဆိုထားသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဟုဆိုကာ တိုင်ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ၎င်းကိုယ်တိုင်တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ဧပြီ ၂၂ ရက်တွင် စတင်ဖိတ်ခေါ်ခဲ့သည်။
သို့ရာတွင် စစ်ရေးလှုပ်ရှားမှုမရှိသည့် ဒေသကအဖွဲ့များနှင့်သာ ဆွေးနွေးနိုင်ပြီး လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထိနာစေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မဆွေးနွေးနိုင်သေးပေ။
စစ်ကောင်စီသည် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်ဒေသက အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) စသည့်အဖွဲ့အစည်းများ လက်အောက်ရှိ တပ်ဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင် မကြာခဏဆိုသလို စစ်ရေးအားဖြင့် အထိနာလျက်ရှိသည်။
ထို့ပြင် အာဏာသိမ်းမှု တစ်နှစ်ခွဲပြည့်သည့် ဩဂုတ်လ ၁ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ကြရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တတိယအကြိမ် ဖိတ်ခေါ်ထားသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အတုအယောင်ဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ မတက်ရောက်ရန် အရပ်ဖက်အဖွဲ့အစည်း ၅၆၇ ဖွဲ့မှ စက်တင်ဘာ ၂၆ ရက်တွင် တောင်းဆိုထားသည်။
နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခစစ်ပွဲများသည် စစ်အုပ်စုနှင့် ပြည်သူများအကြား ဖြစ်သော စစ်ပွဲဖြစ်ပြီး စစ်အုပ်စုသည် တနေ့ထက်တနေ့ အားကောင်းလာသော လူထု၏ခုခံတော်လှန်မှုကို အံမတု နိုင်ချိန်တွင် ပြည်သူလူထုနှင့် ASEAN အပါအဝင် နိုင်ငံတကာကိုလှည့်စားရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချနေသည်ဟု အရပ်ဖက်အဖွဲ့များကဆိုသည်။

Burma Associated Press

0 comments:

Post a Comment