၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိခင်ပါတီမှ ကြေညာချက်များ ထုတ်ပြန်၍ ဝေဖန်ပြောကြားခဲ့မှုများ ရှိနေသည့် အတွက် မဲဆွယ်စည်းရုံးရာတွင် ခက်ခဲမှုများ ရှိနေသည်ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝေက ပြောသည်။““အခု တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်တဲ့အခါမှာ မိခင်ပါတီဘက်က ဝေဖန်ပြောကြားမှု တွေဟာ မဲဆွယ်စည်းရုံးရေး ကာလမှာတော့ အခက်အခဲတစ်ခု အဖြစ်နဲ့ ရင်ဆိုင်ရပါတယ်။ ကိုယ်မဲဆွယ် စည်းရုံးတဲ့ လူတွေကိုလည်း သေချာရှင်းပြရ ပါတယ်”” ဒေါ်ခင်မိုးဝေက ပြောသည်။
ဒေါ်ခင်မိုးဝေသည် ယခင်က အမျိုးသား ပါတီအဖွဲ့ချုပ် ပါတီတွင် ပါတီဝင်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး၊ ယခုအခါ ပါတီ မှနုတ်ထွက်၍ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်သူဖြစ်သည်။ ပါတီများ အနေဖြင့်လည်း ပါတီမှ နုတ်ထွက်၍ တစ်သီးပုဂ္ဂလ ၀င်ရောက် ယှဉ်ပြိုင်သူများကို ပါတီနှင့်သက်ဆိုင်မှု မရှိကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန်လေ့ ရှိသည်။
““တစ်သီးပုဂ္ဂလ အဖြစ် ၀င်ရောက် ယှဉ်ပြိုင်သူပဲဖြစ်ဖြစ် ပါတီကပဲဖြစ်ဖြစ် အဓိကက တိုင်းပြည်နဲ့ လူမျိုးအရေး တိုးတက်အောင် အဓိကထား လုပ်ဖို့ပဲ လိုတယ်။ ပါတီအနေနဲ့ ကတော့ ပါတီနဲ့ မူဝါဒ သဘောထားကို အခါအားလျော်စွာ ထုတ်ပြန်ရမှာပါပဲ””ဟု NLD ပါတီမှ ဦးဉဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ အတိုင်းအတာဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၀၀) ကျော် ရှိကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
““ဘယ်လို ဝေဖန်မှုတွေပဲ ရှိရှိ လူထုအကျိုးကို အမှန်တကယ် လုပ်ဆောင်နိုင်တဲ့ သူတွေကိုပဲ လူထုက ရွေးချယ်သွားမှာပဲ၊ ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်ကလည်း ပေးအပ်တဲ့ တာဝန် ထိုက်ထိုက်တန်တန် ကျေပွန်စွာ ထမ်းဆောင်ဖို့လိုတယ်””ဟု ဗဟန်းမြို့နယ်မှ တစ်သီးပုဂ္ဂလ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
Messenger News Journal

0 comments:
Post a Comment