Wednesday, October 14, 2015

လူကုန်ကူးခံရသူ ငါးဖမ်းသမား ၁၇ ဦး အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ပွန်တီးယားနားနှင့် ကူပန်ဒေသ တစ်ဝိုက်ကျွန်းများရှိ ငါးဖမ်းသင်္ဘောများတွင် လူကုန်ကူး ခိုင်းစေခံရသူ မြန်မာငါးဖမ်းသမား ၁၇ ဦးမှာ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ပြန်လည်ရောက်ရှိသူများမှာ အဓမ္မ ခိုင်းစေသည့် သင်္ဘောများ၊ အလုပ်ရှင် အမည်များကို ပြောဆိုနိုင်ခြင်း မရှိသောကြောင့် လစာမရရှိဘဲ ပြန်လာသူများဖြစ် ပြီး ၎င်း ၁၇ ဦးကို ရန်ကုန်မြို့ ကျိုက်ဝိုင်း ဘုရားလမ်း၊ လူငယ်အတတ်သင် သိပ္ပံ ကျောင်းတွင် ယာယီနေထိုင်စေကာ ကျန်းမာရေး စစ်ဆေးမှုများ၊ နှစ်သိမ့် ဆွေးနွေးပေးပြီးမှ နေရပ်များသို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရဲမှူးကြီး ခင်မောင်လှက ပြောကြားသည်။

“အန်ဘိုအနီးတစ်ဝိုက် ဆိုရင်တော့ အင်ဒိုနီးရှား အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ လှေတွေဆိုရင် အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်တွေ့ပြီး ညှိနှိုင်းလို့ရတယ်။ ခုက ဝေးလံခေါင်ဖျားတဲ့ နေရာမှာ၊ နာမည်လည်းမသိဘူး ဆိုတော့ ဘာမှ လုပ်လို့မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အန်ဘိုကျွန်း တစ်ဝိုက် ငါးဖမ်းသင်္ဘောများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း ရေလုပ်သား ၃၆၄ ဦးတွင် လူကုန်ကူး၍ ရောင်းစားခံထားရကြောင်း ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM မှ ထုတ်ပြန်ထားခဲ့သည်။

“သံရုံးက နိုင်ငံသားဖြစ်ကြောင်း ထုတ်ပေးထားတဲ့သူ တွေကို နောက်တစ်ပတ်ထဲမှာ ထပ်ပြီး ပြန်ခေါ်ဖို့တော့ စီစဉ်ထားတယ်။ အသုတ်လိုက် ခေါ်သွားမယ်။ ကျွန်တော်တို့ဘက်က ရန်ကုန်မှာ နေတဲ့အချိန်အတွက် စားစရိတ်၊ ပြန်မယ့် လမ်းစရိတ်တွေ ပံ့ပိုးပေးတယ်” ဟု IOM မှ National Liaison and Programme Officer ဦးအောင်ကျော်သန်းက ပြောဆိုသည်။

လူကုန်ကူး ခံထားရသူများကို အန်ဘိုကျွန်းတွင် စုရပ်သတ်မှတ်၍ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးတွင် နိုင်ငံသား စိစစ်မှုများ ပြုလုပ်နေပြီး လက်ရှိအချိန် အထိ လူကုန်ကူးခံရသူ ၃၀၀ ကျော်တွင် ၁၉၃ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီ ဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment