Tuesday, October 13, 2015

ငြိမ်းချမ်းရေးမှတ်တိုင်ကို နောက်ကွယ်က လက်သီးပုန်းထိုးသူများ



ငြိမ်းချမ်းရေးမှတ်တိုင်ဆိုတာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်(NCA)လက်မှတ်ရေထိုးပွဲကို ဆိုလိုခြင်းဖြစ်ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးမှာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့တုန်းက တချို့လက်နက်ကိုင်အဖွဲ့ တွေကို မတရားသင်းအဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ KNU၊ ABSDF နဲ့ RCSS/SSA တို့ကို မတရားအသင်းကနေ ပယ်ဖျက်ပေးခဲ့ပြီး KNU/KNLA-PC ၊ DKBA၊ PNLO၊ CNF၊ ALP တို့ကတော့ မတရား အသင်းအဖြစ် သတ်မှတ်ထားခဲ့ခြင်းမရှိတဲ့အတွက် ပယ်ဖျက်စရာမလိုဘူးလို့ ဆိုပါတယ်။အခုဆိုရင် NCA လက်မှတ်ရေးထိုးမယ့် တချို့လက်နက်ကိုင်ခေါင်းဆောင်တွေဟာ သမ္မတကြီးနဲ့ လာရောက် တွေ့ဆုံနေကြပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်ကြီး အဆုံးသတ်တော့မှာမို့ မြန်မာ ပြည်သူတစ်ရပ်လုံးကလည်း အားရ၀မ်းသာကြိုဆိုနေကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးရမှာကို မလိုလားတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ အဖွဲ့အစည်းတချို့က နောက်ကွယ်ကနေ လက်သီးပုန်းထိုးလာကြပါတယ်။ NCA လက်မှတ် ထိုးမယ့် အောက်တိုဘာလ ၁၅ ရက်မတိုင်မီ လက်နက်ကိုင်ဒေသအချို့မှာ နိုင်ငံရေးပယောဂမကင်းတဲ့ အဖျက် အမှောက်လုပ်ငန်းတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတာ တွေ့ရပါတယ်။

NCA လက်မှတ်ရေးထိုးမယ့် အဖွဲ့ ၈ ဖွဲ့ထဲမှာ ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင် ၃ ဖွဲ့လည်း ပါဝင်နေပါ တယ်။ ဒါကို မနာလိုမရှုစိတ်တဲ့ လူတစ်စု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုက ဖာပွန်မြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေသခံတွေကို လူသစ်စုပါတော့တယ်။ လက်နက်ကိုင်တစ်စုက အတင်းအကြပ်လူသစ်စုတဲ့အတွက် ကျေးရွာ ၁၅ ရွာက ရွာသူရွာသား နှစ်ထောင်ကျော်ဟာ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်လာကြပါ တယ်။ NCA ထိုးမယ့် ကရင်လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ပုံရိပ်ကို ကျဆင်းအောင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှား ဖန်တီးလိုက်တာ သိသာလွန်းပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကရင်လက်နက်ကိုင် ၃ ဖွဲ့ NCA လက်မှတ် ထိုးမှာကို မလိုလားသူတွေ ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာ ဖြစ်ပါတယ်။

KNU တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲကလည်း ``ရွာသားတွေ ထောင်ချီထွက်ပြေးတဲ့ကိစ္စကို တော့ ကျနော်တို့ သိရတယ်။ ဒီကိစ္စက စစ်သားစုဆောင်းမှုဆိုတဲ့ ကိစ္စအသေးအဖွဲလေးကို အမှိုက်ကစပြဿဒ် မီးလောင်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ သတင်းရဲ့ နောက်ကြောင်းဆက်ကို ပြန်ကြည့်ရင် ကတိုင်တိ၊ ကမမောင်း လမ်းမတစ်လျှောက်မှာ BGF တပ်ရင်း ၃ ရင်း၊ ရတခတိုင်းက စစ်တပ်ကလည်း ၃ ရင်း လောက် ၀င်ရောက်လှုပ် ရှားတာ ရှိတယ်။ လူထုကို သူတို့ရှေ့ထုတ်တယ်။ ဒီအကြောင်းရင်းတစ်ခုတည်းနဲ့ ထွက်ပြေးရတယ်ဆိုတာ စဉ်းစားစရာ ဖြစ်တယ်´´ လို့ ပြောကြားသွားခဲ့ပါတယ်။ ကရင်လက်နက်ကိုင် ၃ ဖွဲ့ လက်မှတ်ထိုးမှာကို ဒေသခံ ပြည်သူတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်တယ်လို့ ပြောနိုင်ပါတယ်။ နောက်ကွယ်ကနေ လက်သီးပုန်း ထိုးပေမယ့် ကလေးကလားလုပ်ကွက်ဖြစ်လို့ လူရယ်စရာ ကောင်းနေပါတယ်။

NCA လက်မှတ်ရေးထိုးချိန်တိုင်း တိုက်ပွဲတွေဖြစ်အောင် ဖန်တီးတတ်တဲ့ လက်နက်ကိုင်တစ်စုကလည်း အဲဒီ အစဉ်အလာကို အပျက်မခံပါဘူး။ အစိုးရနဲ့ လက်နက်ကိုင် ၈ ဖွဲ့ NCA ထိုးဖို့ ရက်ပိုင်းအလိုမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်အောင်ဖန်တီးလိုက်ကြပါပြီ။ အစိုးရတပ်တွေက ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဖြစ်ရတာပါဆိုပြီး လူမှုကွန်ရက်တွေပေါ်မှာ ၀ါဒဖြန့်လှုံ့ဆော်ကြတယ်။ NCA ထိုးတာ ဟာလည်း လက်နက်ကိုင်အားလုံးမပါဝင်တဲ့အတွက် တစ်နိုင်ငံလုံးအပစ်ရပ်တယ်လို့ မပြောနိုင်ဘူးဆိုပြီး ကိုယ် ထင်ရာ လျှောက်ပြောကြတယ်။ KIA ဆိုရင် မြို့ထဲထိ ၀င်လာပြီး လူသတ်တယ်။ ကျောက်မျက်ကုမ္ပဏီဝန်း မီးရှို့ တယ်။ ရွာသူရွာသားတွေကို အကြောင်းအမျိုးမျိုးပြပြီး လူသစ်စုတယ်။ စစ်သင်တန်းတက်ခိုင်းတယ်။ TNLA ဆိုရင်လည်း မူဆယ်မြို့နယ်ထဲက ရွာတွေကို တစ်ရွာလူသစ် ၂၀ နှုန်း လိုက်စုနေတယ်။ ရွာသားတွေ ကစဥ့် ကလျားထွက်ပြေးရတယ်။ ဒါတွေကို နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက ထောက်ပြပြီး NCA အပေါ် ဝေဖန် ပုတ်ခတ်ကြတယ်။

သူတို့ရွေးချယ်တဲ့လမ်းအတိုင်းဖြစ်လာတဲ့ အကျိုးဆက်ပါ။ ဥပဒေမဲ့လုပ်ရပ်တွေ ဆက်တိုက်ကျူးလွန်လာရင် ပြည်သူတွေရဲ့ လူနေမှုဘ၀လုံခြုံဖို့အတွက် အစိုးရက ကာကွယ်ရမှာပဲ။ အထူးသဖြင့် အစိုးရတပ်တွေက KIA၊ TNLA၊ SSPP/SSA နဲ့ အခြားဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်လာတဲ့ လက်နက်ကိုင်တွေကို ချေမှုန်းသုတ်သင်ရမှာ ပဲဖြစ်ပါတယ်။ နောက်ကွယ်က လက်သီးပုန်းထိုးနေတဲ့ သူတွေကို မြှောက်ပင့်ပေးနေတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ် ဆုရှင် ရှိနေသေးတာကလည်း အံ့သြစရာပါ။ NCA လက်မှတ်ရေးထိုးတဲ့ပွဲမှာ NLD ခေါင်းဆောင်ကို အသိ သက်သေအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားလာရင် တက်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ပြီးတော့ NLD ခေါင်းဆောင်ဟာ လက်နက်ကိုင်တွေကို NCA ထိုးဖို့ စဉ်းစားချင့်ချိန်သင့်တယ်ဆိုပြီး ရှေ့ဆက်တိုးမယ့် ခြေလှမ်း ကို ဟန့်တားခဲ့ဖူးပါတယ်။ ဘယ်လိုအနှောင့်အယှက်တွေပဲ ရှိနေပါစေ၊ NCA လက်မှတ်ရေးထိုးပွဲကြီး ကတော့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ နောက်ကွယ်ကနေ ဘယ်သူတွေ လက်သီး ပုန်းထိုးနေကြပါစေ။ ငြိမ်းချမ်းရေးမှတ်တိုင်ကတော့ အောင်မြင်စွာစိုက်ထူနိုင်တော့မှာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။

ဇော်အောင်
Daily News

0 comments:

Post a Comment