Tuesday, October 13, 2015

မော်ချီးဒေသတွင် တပ်မတော်မှကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်


ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့ ပြိုကျပျက်စီးကာ ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည့် မော်ချီးဒေသတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)မှ နယ်မြေခံတပ်မတော်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ယနေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လိုခါးလိုကျေးရွာ၌ ကယ်ဆယ်ရေးစခန်းနှစ်ခု၊ မော်ချီးအောက်ရွာ၌ ကယ်ဆယ်ရေးစခန်းနှစ်ခု ဖွင့်လှစ်ကာ မော်ချီး တောင်ပေါ်ကျေးရွာ၊ ယူကော်ခိုကျေးရွာ၊ ဇီးပင်ကွေ့ကျေးရွာတို့မှ နေထိုင်ရန်အန္တရာယ်ရှိသဖြင့် ရွှေ့ပြောင်းလာ သော ဒေသခံပြည်သူစုစုပေါင်း ၁၁၈၆ ဦး အား ကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် စားသောက်နေထိုင်ရေးကိစ္စများ အဆင်ပြေစေ ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် နေရပ်သို့ပြန်လိုသော ရွှေ့ပြောင်းအလုပ်သမား ၁၅၇၂ ဦးကိုလည်း တပ်မတော် မော်တော်ယာဉ်များ အပါအ၀င် မော်တော်ယာဉ်စုစုပေါင်း ၃၁ စီးဖြင့် မော်ချီးမှလွိုင်ကော်မြို့သို့ ပို့ဆောင်ပေးကာ ပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်းပြီး လွိုင်ကော်မြို့ သာသနာ့ဗိမာန်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ နေထိုင် စားသောက်ရေးနှင့် လွိုင်ကော်မြို့မှတစ်ဆင့် ၎င်းင်းတို့၏နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍လည်း မော်ချီးဒေသတွင် နယ်မြေခံတပ်မတော်သားများက ပြိုကျခဲ့သော နေအိမ်၊ အဆောက်အအုံများအား ရှင်းလင်းခြင်း၊ မြေပြိုကျပြီး လမ်းပိတ်ဆို့မှုများအား ရှင်းလင်းခြင်း၊ ပျက်စီးသွားသော တံတားများအား အမြန်ဆုံး ပြန်လည်သွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် အလှူရှင်များမှ စားသောက်ဖွယ်ရာများ၊ သောက်သုံးရေနှင့် မိုးကာတဲများ ပေးအပ်လှူဒါန်းကြကာ စားသောက်နေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။





တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment