Tuesday, October 13, 2015

“ပြောင်းလဲချိန်တန်ပြီ” ဇာတ်ကားကြောင့် ရုပ်ရှင်အစည်းအရုံးဥက္ကဌဦးလူမင်း ခေါ်ယူသတိပေးခံရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရိုက်ကူးသည့် “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးလူမင်းအား အစည်း အရုံးနာယကများက အောက်တိုဘာလ ၁၂ ရက်နေ့က ခေါ်ယူသတိပေးခဲ့ကြောင်း သိရှိရသည်။“Facebook တွေမှာတက်နေသလို ခံဝန်ထိုးခိုင်းတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း ရုပ်ရှင် အစည်း အရုံးဥက္ကဌတစ်ယောက်အနေနဲ့ မိမိနှစ်သက်ရာပါတီမှာ ပါဝင်တာမျိုးကိုမဖြစ်စေဖို့ နောက်သတိထားဖို့ ခေါ်ပြော တာပါ။ ဘယ်အဖွဲ့အစည်းကမှလည်း ဖိအားပေးခိုင်းတာမျိုးမဟုတ်ပါဘူး။ မင်းသားတစ်ယောက် အနေနဲ့က ကိုယ် ကြိုက်တာကိုယ်လုပ်တာကို ကျွန်တော်တို့က တားလို့မရပေမဲ့ ဥက္ကဌဆိုတော့ သတိပေးတဲ့ သဘောပါ”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကတစ်ဦးဖြစ်သူ ဦးနှင်းမိုးက ပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဖြစ်သူ ဦးလူမင်းအနေဖြင့် “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးခြင်းမှာ အစည်းအရုံးဥက္ကဌတစ်ယောက်အဖြစ်ပါဝင်ခြင်းမဟုတ်ဘဲ မင်းသားတစ်ယောက်၏ ပုဂ္ဂလိကခံစားချက်ဖြင့်သာ ဝန်းရံခြင်းဖြစ်ကြောင်း ယခုကဲ့သို့ဆိုသည်။

“ကျွန်တော့်အနေနဲ့ ဥက္ကဌတစ်ယောက်ဆိုပြီးတော့ ပါဝင်ခဲ့တာမဟုတ်ဘူး။ ပုဂ္ဂလိကခံစားချက်နဲ့ ပါဝင်ခဲ့တာပါ။ ခံဝန်ထိုးခိုင်းတာတော့မဟုတ်ပေမယ့် ခေါ်တော့သတိပေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဥက္ကဌဆိုတဲ့ နေရာကို အသုံးချပြီးတော့ လုပ်ခဲ့တယ်ဆိုရင် ကိုယ်တိုင်နုတ်ထွက်မှာပါ။ အခုကတော့ မင်းသားတစ်ယောက် အနေနဲ့ ရိုက်ခဲ့တဲ့အတွက် ဘာမှပြောစရာမရှိပါဘူး။ နောက်လည်း ဒီလိုကားတွေမှာ ကမ်းလှမ်းရင် ရိုက်မှာပါ။ အခုလတ်တလောတော့ ကမ်းလှမ်းထားတာ မရှိသေးဘူး” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ နှင့် သရုပ်ဆောင် လူမင်းက ဆိုသည်။

“ပြောင်းလဲချိန်တန်ပြီ”ဇာတ်လမ်းတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဦးလူမင်း ပါဝင်သရုပ်ဆောင်ခြင်း ကြောင့် အစည်းအရုံးနာယကများက နောင်တွင် ပါတီတစ်ခုအတွက် မဲဆွယ်စည်းရုံးပေးသည့် ဇာတ်လမ်းများ တွင် ဥက္ကဌတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးခြင်းမပြုရန် ခံဝန်ထိုးခိုင်းကြောင်း အောက်တိုဘာ ၁၃ ရက်က လူမှုကွန်ယက်စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။

“ “အစ်မ ကတော့ ဒီဇာတ်ကားမှာ ဦးလူမင်းပါဝင်တာဟာ မင်းသားတစ်ယောက်၊ ရုပ်ရှင်အစည်းအရုံးဥက္ကဌ တစ်ယောက် ဆိုတာထက် ပြောင်းလဲချိန်တန်ပြီဖြစ်တဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ပါဝင်တယ်လို့ပဲမြင် တယ်။ မြန်မာနိုင်ငံရဲ့ စနစ်ဆိုးနဲ့ ကြုံခဲ့တဲ့လူကြီးတွေက တိုင်းပြည်အတွက် လုပ်နေတဲ့ လူငယ်တွေကို ဒီလိုလုပ် တာကို အံ့သြမိတယ်။ မလုပ်သင့်ဘူးလို့လည်း မြင်တယ်။ လူကြီးတွေ ဥာဏ်ကြီး သင့်ပါတယ်”ဟု ပြောင်းလဲချိန်တန်ပြီ” ဇာတ်ကားတွင် ဒါရိုက်တာတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးသူ ကြည်ဖြူသျှင်က ပြောသည်။

အနုပညာရှင်အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အောင်နိုင်ရေးအစီအစဉ်တွင်ပါဝင်၍ မဲဆွယ် စည်းရုံးသည့် ဇာတ်လမ်းများ၊ တေးသီချင်းများ ရိုက်ကူးစပ်ဆိုခဲ့ကြကာ “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင် လည်း ဦးလူမင်းအပါအဝင် သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ အဆိုတော်များစွာ ပါဝင်ထားသည်။

စုသက်နှင်း၊ ဝါးဝါး (မြစ်မခ)
http://myitmakhamediagroup.com/

0 comments:

Post a Comment