Tuesday, October 13, 2015

NCA လက်မှတ်ထိုးမည့် အဖွဲ့များက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်တောင်းဆို

NCA ချုပ်ဆိုမည့်ရက် သတ်မှတ်နိုင်ရေး အစည်းအဝေးကို အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ MPC တွင် ကျင်းပခဲ့သည်(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးမည့် အဖွဲ့များက နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)သို့ တင်ပြထားကြောင်း သိရသည်။“အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျနော်တို့ တင်ပြပါတယ်။ တင်ပြတဲ့အပေါ်မှာ အဲဒီစာရင်းတွေ ပေးပါဆိုတော့ ကျနော်တို့ KNU အပါအဝင် ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးနဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး စာရင်းကို ပေးပါတယ်။ လွှတ်မယ်ဆိုရင် NCA ထိုးပြီးနောက်ပိုင်း ရှေ့ကာလတွေမှာ လွှတ်မယ်လို့ ကြားပါတယ်”ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟိုကော်မတီ ဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

NCA လက်မှတ်ထိုးမည့် တိုင်းရင်းသားအဖွဲ့များက အကျဉ်းကျနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် လယ်ယာမြေ လှုပ်ရှားမှုကြောင့် အကျဉ်းကျသူများ အပါအဝင်၊ ပညာရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားပြီး လက်ရှိ တရား ရင်ဆိုင်နေရသည် ကျောင်းသားများပါ လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းကျနေသည့် KNU၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် နိုင်ငံရေးအကျဉ်းသား ၉၆ ဦး ရှိကြောင်းနှင့် ယခုအချိန်အထိ တရားရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၄၄၆ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်က ဧရာဝတီကို ပြောသည်။

“NCA လက်မှတ်ထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင် အနေနဲ့လည်း ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုရော ထောင် မကျသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တိုင်းရင်းသား လက်နက်ကိုင်အနေနဲ့ တောင်းဆိုထားတာ ရှိပါတယ်။ သူတို့ကို ကျနော်တို့က ထောက်ပံ့ပေးတဲ့ သဘောပါပဲ။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေကို ကျနော်တို့က ပြုစုပေးတာပါပဲ” ဟု ဦးအောင်မျိုးကျော်က ဆိုသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၁၃ ရက် ရက်စွဲဖြင့် NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကို မတရားအသင်းအဖြစ်မှ လည်းကောင်း၊ အကြမ်းဖက်သူများ အဖြစ်မှလည်းကောင်း၊ အကျုံးဝင်မှု မရှိတော့ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားများအား ရွေးကောက်ပွဲ မတိုင်မီနှင့် NCA လက်မှတ် မထိုးခင် ခြွင်းချက်မရှိ လွှတ်ပေးရန် စက်တင်ဘာလ အတွင်းက တောင်းဆိုထားကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရေးနှင့် ပတ်သက်ပြီး UPWC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ကျနော် သိထား သလောက်တော့ အခုချက်ချင်း အဲဒီလိုမျိုးတော့ မကြားသေးဘူး။ ပြောနေတာတော့ ရှိတာပေါ့”ဟု ဧရာဝတီကို ပြောသည်။

နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အပစ်ရပ် လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအရ တရားရင်ဆိုင်နေရသူများ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုပေးကြရန် AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တို့က စက်တင်ဘာ ၂၈ ရက်တွင် ပူးပေါင်း တိုက်တွန်းထားသည်။

အစိုးရနှင့် NCA လက်မှတ်ထိုးမည့် အဖွဲ့ ၈ ဖွဲ့မှာ KNU ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ဒီမို ကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ABSDF နှင့် RCSS/SSA တို့ ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ထိုးရန် စီစဉ်ထား သည်။

ဧရာဝတီ

0 comments:

Post a Comment