မြန်မာနိုင်ငံ၏ အထွဋ်အမြတ် ဖြစ်သော ရွှေတိဂုံစေတီတော် ကို ရန်ကုန်မြို့တွင်း နေရာစုံမှ မြင်တွေ့နိုင်စေရန်အတွက် အထပ်မြင့် ဆောက်လုပ်ခွင့်များကို စိစစ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ မဟာ ရန်ကုန် မြို့ပြစီမံကိန်း အကောင်အထည်ဖော်ရေးကော်မ တီ အဖွဲ့ဝင် ဒေါက်တာ တိုးအောင်က ပြောကြားသည်။အောက်တိုဘာလ ၁၀ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပပြုလုပ်သော အနာဂတ် အိမ်၊ ခြံ၊ မြေ ဈေးကွက်ဆိုင်ရာ ဟောပြောပွဲတွင် ၎င်း က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
" ဘယ်နေရာကနေပဲ ကြည့်လိုက်၊ ကြည့်လိုက် ရွှေတိဂုံစေ တီတော်ကို မြင်နိုင်အောင်လုပ်ပါမယ်။ ဒါမြင်လိုက်တာနဲ့ မြန်မာနိုင်ငံဆိုတာ သိနိုင်တယ်လေ " ဟု ဒေါက်တာ တိုးအောင်က ဆိုသည်။
ယင်းအပြင် ရွှေတိဂုံစေတီတော်ကြီး၏ ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်အတွက် အထပ်မြင့်အဆောက်အအုံ ဆောက်ခွင့်များကို ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းသို့ ပြုလုပ်နိုင်ရန်အတွက် မဟာရန်ကုန် ဖွံဖြိုး တိုးတက်ရေး ၂၀၄၀ စီမံကိန်းတွင် ထည့်သွင်းထားပြီး ဇုန်တစ်ခု သတ်မှတ်လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ရွှေတိဂုံစေတီတော် အနီးအထပ်အမြင့်အိမ်ရာများအဖြင့်တည်ဆောက်ရန် ပြင်ဆင်ခဲ့သည့် ဒဂုံစီးတီးအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း ငါးခုကို ယင်းစေတီ၏ မြေအောက်ဂေဟစနစ်များ ထိခိုက်စေနိုင်ခြင်းနှင့် ဖူးမြော်နိုင်ရန် မြင်ကွင်းပိတ်ဆို့နေမှု များကြောင့် ပြည်သူများက ကန့်ကွက်ခဲ့သည့်အတွက် လုပ်ကိုင်ခွင့် ရပ်ဆိုင်းထားသည်။
သို့သော် လုပ်ကိုင်ခွင့်ရပ်ဆိုင်းထားသည့် ကုမ္ပဏီများကို မြေအစားထိုးပေးနိုင်ရန်အတွက် နေရာရှာဖွေ ခိုင်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှသိရသည်။
The Voice Weekly
0 comments:
Post a Comment