Sunday, October 11, 2015

ကြံ့ခိုင်ရေးပါတီ အမတ်လောင်းကို ဆဲဆိုသူ ဖမ်းဆီးစစ်ဆေးခံရ

ပြည်ထောင်စု ကြံ့ခိုင်ရေးနင့် ဖွံ့ဖြိုးရေးပါတီ သာကေတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၏ အိမ်ရှေ့သို့ လာ ရောက်၍ ညစ်ညမ်းစွာ ဆဲဆိုခဲ့သော အသက် ၄၅ နှစ် အရွယ် အမျိုးသားကို ဖမ်းဆီး စစ်ဆေးနေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။သာကေတမြို့နယ် ၄/ တောင်ရပ်ကွက်၊ အောင်သစ္စာ ၃ လမ်းတွင် နေထိုင်သော ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွန့်ဖေ၏ နေအိမ်ရှေ့သို့ အောက်တိုဘာလ ၁၀ ရက် ညနေ ၄ နာရီခွဲ က တစ်ရပ်ကွက်တွင်း နေထိုင်သူအမျိုးသားတစ်ဦးက လာရောက်ဆဲဆိုခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ကိစ္စနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ အဌားယာဉ်တစ်စီးဖြင့်လာရောက်၍ ညစ်ညမ်းစွာ လာရောက် ဆဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သာကေတမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဆဲဆိုသူက NLD ပါတီဝင် မဟုတ်ပါဘူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ လွန်ခဲ့တဲ့ နှစ်တွေက ပုဂ္ဂိုလ်ရေးချင်း ပြဿနာတစ်ခုရှိတာကို မကျေမနပ်ဖြစ်ပြီး အရက်မူးလာချိန်မှာ လာဆဲဆိုသွားတာ၊ ညက ဖမ်းဆီးခံရတယ်” ဟု ယင်းရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်ဖြစ်သူ အသက် ၄၀ အရွယ်ရှိ အမျိုးသားက ပြောကြားသည်။

ကြံ့ခိုင်ရေးပါတီ အမတ်လောင်းကို ညစ်ညမ်းစွာ ဆဲဆိုခဲ့သူ အမျိုးသားကို သာကေတမြို့မ ရဲစခန်းမှ (ပ) ၅၆၇/ ၁၅၊ ပုဒ်မ ၂၉၄/ ၅၀၆ တို့ဖြင့် အမှုဖွင့် ထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ကိုယ်စားလှယ်လောင်း နေအိမ်ရှေ့ဆဲဆိုခဲ့သူကို ရဲအရေးပိုင် ဥပဒေနဲ့ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရတယ်၊ အရက်မူးပြီး သတိလွတ်သွားလို့ လုပ်ခဲ့တာလို့ အမှုဖွင့် တိုင်ကြားခံရသူက ဝန်ခံထားတယ်၊ သူပြုမိခဲ့တဲ့ အမှားအတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းထံ သွားတောင်းပန်မယ်လို့ ကြားတယ် ” ဟု သာကေတမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အနှံ့၌ ပါတီပေါင်းစုံမှ အလံများနှင့် မဲဆွယ် ဗီနိုင်းဆိုင်းဘုတ်များ ဖျက်ဆီးမှုများ မကြာခဏ ဖြစ်ပွားကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံမှ စုံစမ်းသိရှိရသည်။


The Voice Weekly

0 comments:

Post a Comment