ကေအန်ယူ တပ်မဟာ ၅ ၏ စစ်သားစုဆောင်းခြင်းကြောင့် နေရပ်စွန့်ခွာလာသူ ကရင်တိုင်းရင်းသား ၂၄၄၅ ဦးသည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသရှိ ဆွေမျိုးသားချင်းများထံ လာရောက်ခိုလှုံလျက်ရှိကြောင်း မြိုင်ကြီးငူဒေသခံများထံမှ သိရသည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ယွန်းစလင်းချောင်းအရှေ့ဘက်ခြမ်းရှိ ကရင်တိုင်းရင်းသားကျေးရွာဖြစ်သည့် ဟတ်ကြီးရွာအပါအဝင်ကျေးရွာ ၁၅ ရွာမှ ကရင်တိုင်းရင်းသားမိသားစု ၃၇၈ စုမှ ကျား ၁၂၃၈ ဦး၊ မ ၁၂၀၇ ဦး တို့သည် အောက်တိုဘာလ ၂ ရက်မှစ၍ မြိုင်ကြီးငူဒေသ KNU တပ်မဟာ(၅) ရင်း(၁၀၂)၊ ခွဲ(၄) ယွန်းစလင်းမြစ် အရှေ့ခြမ်းလှုပ်ရှားအဖွဲ့၏ တပ်သားသစ်စုဆောင်းမှုကြောင့် နေရပ်ကိုစွန့်ခွာခဲ့ကြခြင်းဖြစ်သည်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသော ရွာသူ ရွာသား ၂၄၄၅ ဦးကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောထွန်းလှိုင်၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် နယ်မြေခံတပ်ရင်းအသီးသီးမှ တပ်မှူးများနှင့် တာဝန်ရှိသူများက သွားရောက်အားပေးစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့တို့က ဆန်အိတ် ၂၀၀ နှင့် စားသုံးဆီ ၆၀ ပါကင် ထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူခစတ(၁၀၂၁)တပ်မှူး ဗိုလ်မှူး၏ဇနီးနှင့် တပ်ဖွဲ့ဝင်မိသားစုများကလည်း ဆန်အိတ် ၁၀၀ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက “ကျွန်တော်ဟာ ကရင့်လက်နက်ကိုင် ညီညွတ်ရေးမှာလည်းပါတဲ့အတွက် ပြည်သူလူထုကို ဒုက္ခရောက်အောင်လုပ်တဲ့ အဖွဲ့အစည်းတွေကိုတော့ ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပြီးတော့ အမှန်အတိုင်းပြန်လည်တင်ပြရမှာဖြစ်ပါတယ်။ ပြန်လည်တင်ပြလို့ ဆက်ပြီးတော့ မစဉ်းစားဘူး၊ မဖြေရှင်းဘူးဆိုရင်တော့ ပြည်သူလူထုဘ၀လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အကြောင်းအရာများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
အရွယ်ရောက်သည့်ကလေးများကို စစ်မှုမထမ်းမနေရဆိုကာဖမ်းခေါ်သွားစဉ် ကလေးများကိုမမိ၍ လူကြီးများကို ဖမ်းဆီးခေါ်ဆောင်သွားရာ ရွာသား ၁၅ ဦး ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရပြီးမှ ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူ ဟက်ကြီးရွာသားတစ်ဦးက ပြောကြားသည်။
လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်အုပ်ချုပ်မှုဒေသဖြစ်သော ယွန်းစလင်းမြစ်အရှေ့ခြမ်းရှိ ရွှေဖလား၊ ဟတ်ကြီး၊ မြင်းတစ်ပြေး၊ ပိုင်လာ၊ သောကလယ်ထ၊ ၀မှုလော၊ မယ်ညော၊ ဇာကော့လုံ၊ ရှမ်သောင်း၊ ကွင်းဒလ၊ မဲကုလား၊ မဲပလိ၊ ကိုလူပျို စသည့် ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ရှောင်ဒုက္ခသည်များရောက်ရှိနေပြီး အောက်တိုဘာ ၈ ရက် ညနေပိုင်းအထိ ထပ်တိုးစစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ ကျား ၅၅ ဦး၊ မ ၅၉ ဦး၊ စုစုပေါင်း ၁၁၄ ဦး ထပ်မံရောက်ရှိလာကြောင်း လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း KNU က တပ်သားသစ်စုဆောင်းမှုကြောင့် စက်တင်ဘာ ၂၄ ရက်မှစတင်ပြီး မြိုင်ကြီးငူဒေသသို့ တိမ်းရှောင်လာခဲ့ကြောင်း၊ တိမ်းရှောင်လာသူတစ်ဦးဖြစ်သည့် စောဖောဒီက တပ်သားသစ်ကောက်ခံရာတွင် မလိုက်နိုင်ပါက တစ်ဦးကို ကျပ်သိန်း ၅၀ ပေးရမည်ဖြစ်ကြောင်း၊ ငွေမပေးနိုင်လျှင် မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ပြောဆိုခြင်းကြောင့် တိမ်းရှောင်ရခြင်းဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်လာသူများထံမှ သိရသည်။
ရွာရှောင်ကျောင်းသားငယ်များကို ပညာရေးဦးစီးဌာနက နီးစပ်ရာမူလတန်းကျောင်းများတွင် ဆက်လက်ပညာသင်ကြားပေးလျက်ရှိပြီး မြိုင်ကြီးငူဒေသရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံက ယာယီဆေးပေးခန်းဖွင့်လှစ်ကာ ဆေးဝါးကုသပေးလျက်ရှိကြောင်း လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
The Voice Weekly
0 comments:
Post a Comment