Thursday, October 1, 2015

ဆီးရီးယားရှိ IS အုပ်စုကို ပထမဆုံး ထိုးစစ်ဆင်သည့် ရုရှားကို အမေရိကန်တို့ လေကြောင်းပိုင်နက်ပေးရန် တွန့်တို


ဆီးရီးယားနိုင်ငံရှိ IS အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွများကို ရုရှားနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဖြစ်ရာ အမေရိကန်ပြည်ထောင်စုနှင့် ညွန့်ပေါင်းအဖွဲ့ အနေနှင့် ယင်းနိုင်ငံရှိ လေကြောင်းနယ်မြေများကို ရှောင်ရှားပေးရန် ရုရှားအစိုးရက တောင်းဆိုခဲ့သော်လည်း ယင်းအဆိုကို အမေရိကန်အစိုးရက လက်မခံခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။IS အစွန်းရောက် စစ်သွေးကြွများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ရုရှားနိုင်ငံ၏ တောင်းဆိုမှုကို လက်သင့်မခံဘဲ မိမိတို့၏ လေကြောင်းထိုးစစ်များကို ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု၏ တုံ့ပြန်ချက်ကြောင့် ရုရှားနှင့် အမေရိကန်တို့သည် IS အုပ်စု ချေမှုန်းရေးစစ်ပွဲကို အလုအယက် လုပ်ကိုင်နေရသည့် အနေအထားသို့ ရောက်သွားသည်ဟု သတင်းက ဆိုသည်။

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အနောက်ပိုင်း ဟွမ်းမြို့ကို လေကြောင်းထိုးစစ်များ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်ဟု အမေရိကန် စစ်ဘက်အရာရှိကြီးများက အတည်ပြု ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကစ်ဘီ၏ အဆိုအရ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အခြေစိုက် ရုရှားသံရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆီးရီးယားရှိ IS စစ်သွေးကြွ ပစ်မှတ်များကို လေကြောင်းမှ စတင်ချေမှုန်းတော့မည်ဟု အမေရိကန်သံရုံးကို အသိပေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံဘက်က ယင်းသို့သော လေကြောင်းထိုးစစ်များ ပြုလုပ်မည်ဖြစ်သည့် အတွက် အမေရိကန်နှင့် ညွန့်ပေါင်းအဖွဲ့များ အနေနှင့် ဆီးရီးယားတွင် အသုံးပြုနေသော လေကြောင်းပိုင်နက်ကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်တို့က အလားတူ ထိုးစစ်များ ပြုလုပ်သွားမည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS စစ်သွေးကြွတွေအပေါ် လေကြောင်းထိုးစစ်တွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ IS စစ်သွေးကြွတွေ အင်အားချည့်နဲ့အောင် လုပ်ဆောင်နေတဲ့ နိုင်ငံတကာ စစ်ဆင်ရေးလည်း ဖြစ်ပါတယ်” ဟု ဂျွန်ကစ်ဘီက ဆိုသည်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရုရှားစစ်ဘက် အနေနှင့် ဆီးရီးယားတွင် လေကြောင်းထိုးစစ်များ စတင်လုပ်ဆောင်နေသည် ဟူသော သတင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။

ဆီးရီးယားရှိ IS အစ္စလာမ္မစ် စစ်သွေးကြွများကို ထိုးစစ်ဆင်ရန် သမ္မတ ဗလာဒီမာပူတင်၏ အဆိုပြုချက်ကို ရုရှား ပါလီမန်လွှတ်တော်က သဘောတူ ခွင့်ပြုလိုက်ပြီးနောက် နာရီပိုင်းအကြာတွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းသို့ ထုတ်ပြန်ကြေညာခြင်းလည်း ဖြစ်သည်။

သို့သော် ယင်းသို့ လေကြောင်းထိုးစစ်ဆင်မှုသည် ဆီးရီးယားအစိုးရကို ကူညီပံ့ပိုးသည့် အနေနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံက ဆိုသည်။

ဤအတောအတွင်း ယူကရိန်းနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်နေသည့် ခွဲထွက်ရေးသူပုန်များကို ထောက်ပံ့နေသော ရုရှားနိုင်ငံက အကြမ်းဖက်အုပ်စုများကို တိုက်ခိုက်ချေမှုန်းမည်ဟု ကြေညာခြင်းသည် ရယ်စရာကောင်းလွန်းသော ဖြစ်ရပ်ပင် ဖြစ်သည်ဟု ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ဝေဖန်ပြောဆိုလိုက်သည်။

The Voice Weekly

0 comments:

Post a Comment