Friday, October 2, 2015

NCA လက်မှတ်ရေးထိုးရေး တိုင်းရင်းသား လက်နက်ကိုင် (၁၅)ဖွဲ့ကို ဖိတ်ကြားမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခုနှစ်ဖွဲ့သာ လက်မှတ်ရေးထိုးမည် ဆိုသော်လည်း NCA လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၅)ဖွဲ့ကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ (NCA) ထံမှ သတင်းရရှိသည်။အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် (၁၅)ဖွဲ့မှာ အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသော လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ပြီး ယခုလ (၄)ရက်နေ့တွင် MPC တွင် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း သိရသည်။

““အစိုးရဘက်မှာ ရှိတဲ့မူကတော့ ဘယ်အဖွဲ့နဲ့ထိုးထိုး ထိုးမယ်ဆိုတဲ့ မူဝါဒရှိတယ်။ လက်ရှိကတော့ ခုနှစ်ဖွဲ့ထိုးပေါ့။ နောက်တော့လည်း တစ်ဖွဲ့ချင်းနဲ့ ထိုးလို့ရတယ်လို့ ပြောဆိုထားတာပဲလေ။ NCA လက်မှတ်ရေးထိုးမယ့် ကိစ္စနဲ့ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ဖိတ်ကြားမယ်။ လက်မှတ်မရေးထိုးတဲ့ အဖွဲ့တွေကတော့ မလာနိုင်ဘူးလို့ ထင်တယ်”ဟု MPC မှ အပစ်အခတ် ရပ်စဲရေး ဒါရိုက်တာ ဦးမင်းဇော်ဦးက ပြောသည်။

NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း ခုနှစ်ဖွဲ့မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီ မိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALB)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA-PC)၊ ပအို့(၀်) လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ဖြစ်ကြောင်း သိရသည်။

“NCA ကို ဘယ်နေ့ဘယ်အချိန်မှာ ရက်သတ်မှတ်မယ်။ ဘယ်နေရာမှာ လက်မှတ်ရေးထိုးမယ်၊ ပြီးတော့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးကြမယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

NCA လက်မှတ်ရေးထိုးရန် SD အဖွဲ့မှ သတ်မှတ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၂၁)ဖွဲ့ရှိပြီး အဆိုပါ အဖွဲ့များထဲမှ (၁၅)ဖွဲ့ကိုသာ အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးရန် ကမ်းလှမ်းခဲ့သည်။

Messenger News Journal

0 comments:

Post a Comment