Wednesday, April 25, 2018

ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ်ကြေညာပေးဖို့ တရားရုံးကို အစိုးရရှေ့ နေလျှောက်ထား


ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့ က ထောင်ဖမ်းတာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ်ကြေညာပေးဖို့ အစိုးရရှေ့  နေများက ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ လျှောက်ထားချက်တင်ခဲ့ပါတယ်။

အဲဒီလျှောက်ထားချက်ကို စွပ်စွဲခံရတဲ့သတင်းထောက်နှစ်ဦးရဲ့ရှေ့ နေများက ကန့် ကွက်ခဲ့ပါတယ်။ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေ ဟုတ်မဟုတ် ဆိုတာကို လာမယ့်ရုံးချိန်းဖြစ်တဲ့ မေလ ၂ ရက်နေ့  မှာ တရားရုံးက ဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ သိရပါတယ်။

'' မိုးရန်နိုင်က ရဲထွက်ဆိုချက်နဲ့ ရုံးရှေ့ ထွက်ဆိုချက်နဲ့ မတူဘူးလို့ ပြောသွားတယ်။ ကျွန်တော်က တူတယ်။ တိုက်ကြည့်ပြီးပြီ။ တူတာတွေပဲ ။ ဒါပေမယ့် ပိုတော့ပိုတယ်။ တင်ကိုကိုရဲ့ကိစ္စကပေါ့'' လို့ ရိုက်တာဘက်မှရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ အစိုးရဘက်မှရှေ့  နေများကဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့ သက်သေအဖြစ်ကြေညာပေးဖို့ လျှောက်လဲချက်ပေးရာမှာ အချုပ်ထဲမှာနေရလို့ စိတ်ညစ်ညူးနေတဲ့အကြောင်း ၊ ရဲမှူးချုပ်တင်ကိုကို အပေါ် အာဂါတရှိနေနိုင်တယ်ဆိုတဲ့အကြောင်းတွေကို အချက်အလက်အနေနဲ့  ထည့်သွင်းပြောကြားသွားတယ်လို့ သူကဆက်ပြောပါတယ်။

နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အင်းစိန်မြို့ နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့  နံနက်ပိုင်းက ထပ်မံရုံးထုတ်ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ ယခင်တစ်ပတ်ရုံးချိန်းက တရားလိုပြသက်သေအနေနဲ့ သက်သေထွက်ဆိုသွားခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ် အစိုးရရှေ့  နေရဲ့လျှောက်ထားမှုကို နှစ်ဖက်ရှေ့ နေများက အပြန်အလှန်လျှောက်လဲချက်တင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

'' မယုံကြည်ထိုက်တဲ့သက်သေမဟုတ်ဘူးဆိုတာက သူပြောတဲ့အထဲမှာမတူတာမပါဘူး။ တူတယ်။ နောက်တစ်ခါ ဒုရဲမှူးမိုးရန်နိုင်ကို ပြန်လှန်စစ်မေးတဲ့အခါ တစ်ဖက်သက်သေကို သိက္ခာချဖို့ ကြိုးစားတဲ့အခါမှာလည်း ယိမ်းယိုင်သွားခြင်းမရှိဘူး။ မိုးရန်နိုင်လိမ်နေပါတယ်လို့ ပုံစံမရှိဘူး။သူတို့ က ထွက်ချက်တွေရဲ့ အပြင်မှာပဲ မိုးရန်နိုင်ဟာ တင်ကိုကို ကို အာဃာတရှိနေတယ်ဆိုပြီး။ အဲဒီဟာက သက်သေမဟုတ်ပါဘူး'' လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးအမှုမှာ သက်သေထွက်ဆိုခဲ့တဲ့ ဒုတိယရဲမှူးမိုးရန်နိုင်ကို သူရဲ့မိသားစုဝင်များနဲ့ တွေ့ ဆုံခွင့်ရရှိရေးအပါအ၀င်လူ့ အခွင့်အရေးထိခိုက်နစ်နာမှုမရှိစေရေး လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ က စာပေးပို့ အကြောင်းကြားထားပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ဒုရဲမှူးမိုးရန်နိုင်တို့ ဖမ်းဆီးထိမ်းသိမ်းခံထားရတာဟာ ၄ လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal

0 comments:

Post a Comment