Tuesday, April 24, 2018

ကျိုက်ထီးရိုး Cable Car စီမံကိန်းလုပ်ဆောင်ခဲ့သည့် Sky Asia ကုမ္ပဏီအား အဆိုပါစီမံကိန်း၌ အဆောက်အအုံများ တာဝန်ယူတည်ဆောက်ပေးခဲ့သော ရတနာရွှေဆင်ကြီးကုမ္ပဏီက ကျပ် ၇ ဒသမ ၇ ဘီလျံကျော်ရလိုမှုဖြင့် တရားစွဲဆိုမည်


မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျိုက်ထီးရိုး Cable Car စီမံကိန်းလုပ်ဆောင်ခဲ့သည့် Sky Asia ကုမ္ပဏီအား အဆိုပါစီမံကိန်း၌ အဆောက်အအုံများ တာဝန်ယူတည်ဆောက်ခဲ့သော ရတနာရွှေဆင်ကြီးကုမ္ပဏီက ကျပ် ၇ ဒသမ ၇ ဘီလျံကျော်ရလိုမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

Sky Asia ကုမ္ပဏီက ကျိုက်ထီးရိုး Cable Car စီမံကိန်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ရတနာရွှေဆင်ကြီးကုမ္ပဏီနှင့် မသက်ဆိုင်တော့ကြောင်းနှင့် အဆိုပါ အကြောင်းကြားစာကို ဌာနဆိုင်ရာအသီးသီးသို့ ပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်နယ်ဝန်ကြီးချုပ်ထံမှ ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် ရတနာရွှေဆင်ကြီးကုမ္ပဏီသို့ အကြောင်းကြားလာကြောင်း၊ ကုမ္ပဏီအနေဖြင့် Cable Car စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားပြီဖြစ်ကြောင်းနှင့် အဖြစ်မှန် ရှင်းလင်းတင်ပြထားသည့်စာကို မတ် ၁၂ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့ကြောင်း၊ အဆိုပါစာတွင် Sky Asia ကုမ္ပဏီထံမှ ကျပ် ၇ ဒသမ ၇ ဘီလျံကျော် ရစရာရှိသည့်အတွက် စောင့်ဆိုင်းတောင်းခံနေ ရခြင်းဖြစ်ကြောင်းကို တင်ပြခဲ့ပါကြောင်း၊ ပြည်နယ်အစိုးရထံမှ မတ် ၂၁ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပြန်လည်ရရှိခဲ့ပါကြောင်းနှင့် အဆိုပါအကြောင်းကြားစာတွင် Sky Asia ကုမ္ပဏီလီမိတက်ထံမှ ရရှိရန်ရှိသော ကြွေးမြီနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားရန် အကြောင်းပြန်လာခဲ့ပါကြောင်း၊ Sky Asia ကုမ္ပဏီအား ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံးတွင် တရားမကြောင်းအရ ကျပ် ၇ ဒသမ ၇ ဘီလျံရလိုမှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရတနာရွှေဆင်ကြီးကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးနောင်ရဲအောင်က ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ Cable Car စီမံကိန်းကြီး အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ အတွက် နောက်ဆုံး Cable Car ဖွင့်ပွဲကျင်းပတဲ့ အချိန်အထိ စိုက်ထုတ်ကုန်ကျငွေပေါင်းကျပ် ၁၄ ဘီလျံကျော်ရှိပါတယ်။ Sky Asia ကုမ္ပဏီ ကနေငွေကျပ် ၆ ဒသမ ၃ ဘီလျံကျော် ပေးချေ ခဲ့ပြီးဖြစ်ပေမယ့် ငွေကျပ် ၇ ဒသမ ၇ ဘီလျံ ကျော်ယနေ့အထိကို ပေးချေခြင်း မရှိသေးပါဘူး။ ဒီကိစ္စကို မွန်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံကို တင်ပြခဲ့တဲ့အခါမှာ ၀န်ကြီးချုပ်ကြီးက တရားဥပဒေနဲ့တရားစွဲဆိုဖို့ ညွှန်ကြားလာတဲ့အတွက်ကြောင့် အခုလိုတရားမကြောင်း အရတရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဦးနောင်ရဲအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲဒီအပြင်ကို Sky Asia ကုမ္ပဏီကငွေရေးကြေးရေး အခက်အခဲဖြစ်တဲ့အတွက်ကို ကျွန်တော်တို့နဲ့ Sky Asia ကုမ္ပဏီလီမိတက်ကဒါရိုက်တာ သုံးဦးဖြစ်တဲ့ Mr . Yoo Sun Ha, Mr. Cho Ki Hyung, Mr . Han Jung Seuk တို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ရှိပါတယ်။ အဲဒီစာချုပ်မှာ Cable Car ကနေ၀င်လာမယ့် ၀င်ငွေရဲ့ ရာခိုင်နှုန်း ၇၀ ကို ၁၅ ရက်ကို တစ်ကြိမ်နှုန်းနဲ့ တစ်လနှစ်ကြိမ် ရတနာရွှေဆင်ကြီး ကုမ္ပဏီကို ငွေပေးချေပါမယ်လို့ ပါရှိပါတယ်။ ဒီစာချုပ်အရပဲ ကျွန်တော်တို့အနေနဲ့ Sky Asia ကုမ္ပဏီကိုယုံကြည်ပြီးတော့ ကမ္ဘောဇဘဏ်မှာ ရတနာရွှေဆင်ကြီးကုမ္ပဏီနာမည်နဲ့ ငွေကျပ် ငါးဘီလျံငွေချေးပေးခဲ့ပါတယ်။ ဒါပေမဲ့  Cable Car စီမံကိန်းပြီးလို့ စတင်အသုံးပြုနေတဲ့ နှစ်လကျော်ကာလအတွင်းမှာ Sky Asia ကုမ္ပဏီက ငွေပေးချေခြင်း မရှိသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ကုမ္ပဏီရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ခဲ့တဲ့ Sky Asia ကုမ္ပဏီလီမိတက်က မန်နေဂျင်း ဒါရိုက်တာဖြစ်တဲ့ Mr . Yoo Sun Ha ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့မရဲစခန်းမှာ တိုင်းကြားခဲ့ပါတယ်။  မရမ်းကုန်းမြို့မရဲစခန်း ကနေ (ပ) ၂၉၉/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ အမှုဖွင့် အရေးယူထားပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့မြန်မာနိုင်ငံက ဖွံ့ဖြိုးစ နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာကလာရောက် ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားရှိပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်နယ်က မြန်မာကုမ္ပဏီတွေကြားမှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေကို တာဝန်ရှိသူတွေသိရှိနိုင်ဖို့ ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်တာ ဖြစ်ပါတယ်။ နိုင်ငံတကာက လာရောက်ကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားထဲမှာပွဲစားတွေ၊ မသမာသူတွေရှိနိုင်သလို မြန်မာနိုင်ငံကကုမ္ပဏီတွေမှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒီကျိုက်ထီးရိုး Cable Car စီမံကိန်းမှာဆိုရင် နိုင်ငံခြားက ကောင်းတဲ့လူတွေရှိသလို မကောင်းတဲ့လူတွေလည်းရှိတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်” ဟု ဦးနောင်ရဲအောင်က ပြောကြားသည်။

“ကျွန်တော်တို့ဆီကို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်တာ နှစ်မျိုးတွေ့ရပါတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ ရှိသလို နည်းပညာရင်းနှီးမြှုပ်နှံသူတွေ ရှိပါတယ်။ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံထားမယ်လို့ ကြေညာထားတဲ့သူတွေက သူတို့ ငွေကြေးဘယ်လောက်ရင်းနှီးမြှုပ်နှံမှာလဲ။ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေး  Amount က တကယ်ရောရှိရဲ့လား။ ဒါတွေကို တာဝန်ရှိသူတွေက စစ်ဆေးသင့်ပါတယ်။ နည်းပညာပိုင်းရင်းနှီးမြှုပ်နှံမှုမှာလည်း မြန်မာနိုင်ငံကို နိုင်ငံခြားက နည်းပညာအသစ်အဆန်း တစ်ခုယူလာတယ်။ အဲဒီနည်းပညာကိုယူလာတဲ့ ပညာရှင်ကရော တကယ်ပဲကျွမ်းကျင်ရဲ့လား။ လုပ်နိုင်ရဲ့လား။ အသိအမှတ်ပြု လက်မှတ်တွေရောရှိရဲ့လား ဆိုတာတွေကို စစ်ဆေးသင့်ပါတယ်။ ကျွန်တော်တို့ ဒီ Cable Car စီ မံကိန်းလုပ်ဆောင်ခဲ့တဲ့အခါမှာ နိုင်ငံခြားကနေ တကယ့်ပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ရသလို ကိုယ့်မြန်မာအင်ဂျင်နီယာတွေ အဆင့်အတန်းနိမ့်တဲ့ နိုင်ငံခြားသားပညာရှင်ဆိုတဲ့သူ တွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေကို တာဝန်ရှိတဲ့သူတွေ သိစေချင်လို့ ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ဦးနောင်ရဲအောင်က ဆက်လက်ပြောကြားသည်။

အဆိုပါ ကျိုက်ထီးရိုး Cable Car စီမံကိန်းအား ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်က  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်အမှတ် (၈၈၆/ ၂၀၁၅) ဖြင့် ၂.၁.၂၀၁၅ ရက်စွဲပါ ခွင့်ပြုချက်ဖြင့် Sky Asia ကုမ္ပဏီလီမိတက်မှ သစ်တောဦးစီးဌာနရှိမြေ ၁၃ ဒသမ ၅ ဧကကိုတစ်နှစ်လျှင် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ကျိုက်ထီးရိုး Cable Car စီမံကိန်းအား Sky Asia Co,Ltd က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံထားကြောင်း၊ MIC မှ နှစ် ၅၀ B . O .T စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

ဘိုဘိုမြင့်
Eleven Media Group

0 comments:

Post a Comment