Tuesday, April 24, 2018

NVC ကတ်ကိုင်ဆောင်ထားသူများကို တစ်နိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့်ပေးမည်ဆိုပါက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ရှင်းလင်း


National Verification Card (NVC) ကတ်ကိုင်ဆောင်ထားသူများကို တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဆိုပါက  ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် မကြာခင်ပြန်စမည့် လွှတ်တော်တွင်လည်း ၎င်းကိစ္စနှင့် ပတ်သက်၍ အရေးကြီးအဆိုတင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးတာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီရုံးချုပ်တွင် ဧပြီ ၂၄ ရက်က NVC ကတ်ကိုင်ဆောင်ထားသူ များအား တစ်နိုင်ငံလုံးလွတ်လပ်စွာသွားလာ ခွင့်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်း လင်းပွဲတွင် ပြုလုပ်ခဲ့သည်။

“တကယ်ပဲ တစ်နိုင်ငံလုံးကို လွတ်လပ်စွာ သွားလာခွင့်ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပါတီအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့နဲ့ ရင်ဘတ်ချင်းတူတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့မှ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်လို့ပဲ တင်ပြလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပါတီအနေနဲ့ မကြာခင်ခေါ်မယ့် လွှတ်တော်မှာ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ရှင်းလင်းပြောကြားသည်။

ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း မိတ်ဖက်အဖွဲ့အစည်း၊ မိတ်ဖက်နိုင်ငံရေး ပါတီများနှင့်ပူးပေါင်း၍ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့သွားမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ဒေါက်တာနန္ဒာလှမြင့်က “လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နဲ့ ရင်ဘတ်ချင်းတူတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့လည်း ပူးပေါင်းပြီးတော့မှ အစိုးရကို တောင်းဆိုဖို့ရှိပါတယ်။ နိုင်ငံတော်သမ္မတထံကို အိတ်ဖွင့်ပေးစာ ပေးသွားမယ်။ ဒါက ဥပဒေနဲ့အညီ အတိုက်အခံပါတီ တစ်ရပ်အနေနဲ့ ရင်ဘတ်ချင်းတူတဲ့ နိုင်ငံသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနဲ့ လက်တွဲပြီးတော့မှ ကျွန်တော်တို့နိုင်ငံအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိအစိုးရအနေနဲ့ သိလို့ပဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိလို့ပဲဖြစ်စေ၊ ရည်ရွယ်ချက်မရှိလို့ပဲဖြစ်စေ အခြေအနေအရပ်ရပ်ကို ကျော်လွှားဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်စေ အရေးကြီးဆုံးက ကိုယ့်နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွား၊ နိုင်ငံတော်ရဲ့  အချုပ်အခြာအာဏာနဲ့ အမျိုးသားရေး စရိုက်လက္ခဏာတွေ မပျောက်ဖို့ အရေးကြီးတယ်ဆိုတာကို သိစေလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု  ပြောကြားသည်။

ထို့အတူ NVC ကတ်ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်များကိုသာ တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဆိုပါက တရားဥပဒေစိုးမိုးရေးကိစ္စများ၊ မလိုလားအပ်သည့် အမျိုးသားရေးကိစ္စများနှင့် ပတ်သက်၍  မိမိတို့ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားသည်ကို ရှင်းလင်းပြတ်သားစွာ အသိပေးလိုကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

“အဲဒီတော့ အဲဒီလိုကတ်တစ်ခုကို ကိုင်ဆောင်ထားတဲ့သူသည် လူဆိုးလား၊ လူကောင်းလား ခွဲခြားဖို့ဆိုတာ အလွန်ခက်ပါတယ်။ အဲဒီတော့ အဲဒီလူတွေကို အခုနကပြောသလို လူ့အခွင့်အရေးအရ ဘယ်မှသွားခွင့် မပြုဘူးဆိုရင်လည်း အန်ကယ်တို့အပိုင်းအနေနဲ့ မတရားရာကျပါလိမ့်မယ်။ အဲဒီတော့သူတို့ မူလဘယ်က ထွက်သွားလဲ။ ရခိုင်ပြည်နယ်မောင်တောက ထွက်သွားရင် မောင်တော ဧရိယာအတွင်းမှာ သွားလာခွင့် အဲဒီမှာရှိနေတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ကြီးကြပ်မှုနဲ့ သွားလာရင်တော့ အန်ကယ်တို့အနေနဲ့ ဘာမှပြောစရာအကြောင်း မရှိဘူး။ သို့သော် အဲဒါမျိုးတွေ အကုန်လုံးကို တစ်နိုင်ငံလုံးကို သွားလာခွင့်ပေးမယ်ဆိုရင် အဲဒီအထဲက လူတွေသည် လူကောင်းလား၊ လူဆိုးလားဆိုတာ ခွဲခြားဖို့အလွန်ခက်ပါတယ်။ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်ရင် သြဂုတ် ၂၅ ရက် ဖြစ်စဉ်တွေ။ ပြီးခဲ့တဲ့နှစ် အဲဒီဖြစ်စဉ်တွေ ပြန်ကြည့်လိုက်ရင် အဲဒီအထဲမှာ ပါလာတဲ့ လူများသည် အသွင်ယူပြီးပါလာခဲ့ပြီးတော့ ကြီးမားတဲ့ ပေါက်ကွဲမှုတွေကို နိုင်ငံအနှံ့လုပ်ခဲ့မယ်ဆိုရင် ခါးစည်းပြီးခံရမှာက တကယ့်နိုင်ငံသား အစစ်ဖြစ်တဲ့ တိုင်းရင်းသားနိုင်ငံသားတွေက ခံရမှာဖြစ်တယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှသိန်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးပြောကြားခဲ့သည့် “နဂိုရှိပြီးသား ကန့်သတ်ချက်တွေ လျှော့ချပြီး ဆောင်ရွက်မည်” ဆိုရာတွင် မည်သည့်ကန့်သတ်ချက်များ ဖြေလျှော့သည်ကို ပွင့်လင်းမြင်သာစွာဖြင့် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောကြားရန်လိုအပ်ကြောင်း၊ ယခုအခါ ဧည့်စာရင်း တိုင်ကြားမှုပယ်ဖျက်ခြင်းနှင့်အတူ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်း ရုပ်သိမ်းပယ်ဖျက်ပြီးဖြစ်သောကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလွန်စိုးရိမ်ဖွယ် အခြေအနေဖြစ်ပါသဖြင့် ဒေါက်တာဝင်းမြတ်အေး၏ ပြောကြားချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ဧပြီ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment