Saturday, April 21, 2018

FDA ညွှန်ချုပ် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၁၀)နှစ်၊ ငွေဒဏ်အပြင် ပိုင်ဆိုင်မှုများအားလည်း ပြန်လည်သိမ်းယူနိုင်ကြောင်း ကော်မရှင်တာဝန်ရှိသူများ ပြောကြား


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာသန်းထွဋ်အား ဧပြီလ(၂၀)ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်မှ ဥပဒေပုဒ်မ(၅၆) ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ၎င်းပုဒ်မသည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ်(၁၀ )နှစ်၊ ငွေဒဏ်အပြင် ပိုင်ဆိုင်မှုများအားလည်း ပြန်လည်သိမ်းယူနိုင်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူများက ပြောသည်။

“နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို အဂတိလိုက်စားမှုကျုးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ပြဌာန်းထားသလို ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။ ဒါဟာ ပုဒ်မ(၅၆)ရဲ့အဓိပ္ပယ်ပါပဲ”ဟု ကော်မရှင်မှာ ပြန်ကြားရေးတာဝန်ရှိသူ ဦးဟန်ညွှန့်မှ News Watch သို့ ပြောကြားသည်။

ကော်မရှင်၏စစ်ဆေးချက်အရ FDA မှ ညွှန်ချုပ်ဖြစ်သူသည် နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ မြေကွက်ပေါ်တွင် ဆောက်လုပ်ဆဲနေအိမ်အတွက် ငွေကျပ်သိန်း(၅၀၀)ကျော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းကာရံခြင်း၊ ရေကူးကန်နှင့်ရေပန်းတို့အား ကျသင့်တန်ဖိုးကျပ်သိန်း(၁၀၀၀)ကျော်တို့အား မပေးဘဲ လုပ်ပိုင်ခွင့်အာဏာအား အလွဲသုံးစားပြုလုပ်၍ ရဲတိုက်မြို့တော် ကုမ္ဗဏီနှင့် မိတ်ဖက်ကုမ္ဗဏီများအား ဆောင်ရွက်ခိုင်းခဲ့ခြင်းဖြစ်သည်။

ရဲတိုက်မြို့တော် ကုမ္ဗဏီနှင့် မိတ်ဖက်ကုမ္ဗဏီများသည် နေပြည်တော် FDA အတွက် ဓာတ်ခွဲခန်း (၂) ခန်း၊ တိုင်း/ပြည်နယ်/ခရိုင်ရုံး (၁၂) လုံး ဆောက်လုပ်ခွင့်တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ဗဏီများဖြစ်သည်။

“ဧပြီလ(၂၀)ရက်နေ့မှာ တရားရုံးကဖမ်းလိုက်တယ်။ သူ့ကိုဆက်ပြီးစစ်မယ်။ အန်တီတို့စစ်ထားတဲ့ အထောက်အ ထားတွေအပေါ်မှ သူတို့က ဆက်စစ်မယ်။ ဒါသည် မှန်ကန်ပါသည်ဆိုပြီး ပြစ်ဒဏ်ချမှတ်ရင် ထောင်ဆယ်နှစ်ကျနိုင်တယ်။ ထုချေတဲ့အပိုင်းကလည်း တပိုင်းပေါ့။ အန်တီတို့ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်ထားပါတယ်။ ဒီအမှုမျိုးတွေက စစ်ဆေးချက်မှန်ကန်ခဲ့ရင် ပိုင်ဆိုင်မှုတွေကအစ သိမ်းယူခွင့်ရှိတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က News Watch သို့ ပြောသည်။

ဝေမိုး (နေပြည်တော်)
Photo – FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား တခုသောအစည်းအဝေးအတွင်း တွေ့မြင်ရပုံ
News Watch

0 comments:

Post a Comment