Tuesday, April 24, 2018

တရုတ်၏ ကျူးကျော်မှုကို တွန်းလှန်သည့် ကျည်အစစ်သုံး သဏ္ဍာန်တူ စစ်ရေးလေ့ကျင့်မှု ထိုင်ဝမ် ပြုလုပ်မည်


ထိုင်ဝမ်ဟာ ဇွန်လမှာ ပြုလုပ်မယ့် ၄င်းတို့ ရဲ့  နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံရဲ့  ကျူးကျော်မှုကို လက်တွေ့ တွန်းလှန်တိုက်ခိုက်တဲ့ ကျည်အစစ်သုံး သဏ္ဍာန်တူ စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမှာဖြစ်ကြောင်း ထိုင်ဝမ်အရာရှိတွေက ဧပြီ ၂၄ ရက်နေ့ မှာ ပြောခဲ့ပါတယ်။ ဒေသတွင်း ပေကျင်းရဲ့  စစ်ရေးခြိမ်းခြောက်မှုတွေ တိုးမြင့်လာမှုကို တန်ပြန်ဖို့ အတွက် သဏ္ဍာန်တူ လျှပ်တပြက်ကမ်းတက် ထိုးစစ်ဆင်မှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

စစ်အင်အားကြီးမားလာတဲ့ တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ သူတို့ ရဲ့ စစ်အင်အား ထုတ်ပြမှုတွေ တိုးမြင့်လာခဲ့ကာ ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ထိုင်ဝမ်ရေလက်ကြားမှာ ကျည်အစစ်သုံးစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ ရဲ့  စစ်ရေးလေ့ကျင့်မှု တွေဟာ သမ္မတရှီကျင်းပင်ရဲ့  အဓိကဦးစားပေးမူဝါဒတစ်ခုဖြစ်တဲ့ တရုတ်ရဲ့  အချုပ်အခြာပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရအရာရှိတွေက ပြောခဲ့ပါတယ်။

“ Han Kuang” လို့  အမည်ဝှက်ပေးထားတဲ့ ထိုင်ဝမ်ရဲ့  ငါးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၄ ရက်နေ့ မှာ စတင်သွားမယ်လို့ သိရပါတယ်။ “စစ်ရေးလေ့ကျင့်မှုရဲ့  အဓိကရည်ရွယ်ချက်ကတော့ ထိုင်ဝမ်ကို ကျူးကျော်လာမယ့် တရုတ်ကွန်မြူနစ်စစ်တပ်ရဲ့  ဘယ်စစ်ဆင်ရေးမဆို ကျရှုံးသွားစေမယ်ဆိုတဲ့ ရိုးရှင်းတဲ့ ရည်ရွယ်ချက်ပါပဲ” လို့  ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ ချန်ချောင်ချီက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ ဘက်ပေါင်းစုံကာကွယ်ရေးလေ့ကျင့်မှုအတွက် လေကြောင်းချီတပ်ရင်းတွေနဲ့ ကမ်းခြေစောင့်တပ်တွေ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာဖို့  ရှိကြောင်း ချန်က ဆက်လက်ပြောခဲ့ပါတယ်။ ဒါ့အပြင် အရပ်ဘက် ဒရုန်းယာဉ်တွေလည်း စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ်ပါဝင်လာမှာဖြစ်ပြီး ကင်းထောက်မှုနဲ့  ပစ်မှတ်သတ်မှတ်တဲ့ လေ့ကျင့်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

အရပ်ဘက်ဆက်သွယ်ရေးဝန်ဆောင်မှုဋ္ဌာနတွေကလည်း ဆက်သွယ်ရေးနဲ့ ထိန်းချုပ်ရေး တည်ငြိမ်စေဖို့  ပါဝင်အထောက်အပံ့ပေးသွားမှာဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Ref: CNA
ကိုလင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment