Wednesday, June 20, 2018

မူဆယ်မြို့ပေါ် စာသင်ကျောင်းများကို ရဲကလုံခြုံရေးပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် မြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါ ဆောင်များကို ကေအိုင်အိုလက်နက်ကိုင်အဖွဲ့က ငွေတောင်းခံစာ ပေးပို့ပြီးနောက် မူဆယ်မြို့ အစိုးရကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများကို လုံခြုံရေးပေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အစိုးရကျောင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့က လုံခြုံရေးယူပေးပြီး ကျန်တဲ့နေရာတွေကို ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့အပြင် ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာပါ။ မြို့ပေါ်လုံခြုံရေးအတွက် လှည့်ကင်းပတ်ကင်းကို မီးတန်းယာဉ်နဲ့ ပူးပေါင်းလှည့်လည် လုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်ကျောင်းတွေရှိတဲ့ ရပ်ကွက်တွေဘက်ကို လှည့်ကင်းတွေ ပေးပါတယ်”ဟု မူဆယ်မြို့မရဲစခန်းမှူး ဒုရဲမှူး အေးမြင့်က ပြောဆိုသည်။

မူဆယ်မြို့ပေါ်လုံခြုံရေးနှင့် စွမ်စော်ရပ်ကွက်၊ မန်ကပ်နှင့် ဆယ်လန့်ဘက်အခြမ်းတွင်လည်း နယ်မြေခံတပ်ရင်းက လုံခြုံရေး တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလဆန်းပိုင်းက မူဆယ်မြို့ပေါ်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများသို့ ကေအိုင်အိုလက်နက်ကိုင်တပ်ဖွဲ့က ငွေတောင်းခံခြင်းနှင့် TNLA ပလောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဆယ်လန့်ကျေးရွာရှိ ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့ထံသို့ ငွေတောင်းခံစာပေးပို့ခဲ့ပြီးနောက် လုံခြုံရေး ပိုမိုတင်းကျပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ပြည်သူ့စစ်တွေကဝတ်စုံနဲ့ လက်နက်ကိုင်ပြီး ကျောင်းမှာ လုံခြုံရေးလုပ်ထားကြတော့ တချို့မိဘတွေက စိုးရိမ်စိတ်တွေ ဖြစ်တယ်လို့လည်း ပြောကြတယ်။ မူဆယ်မြို့မှာ နေ့ရော ညရော မီးတန်းယာဉ်တွေနဲ့ လုံခြုံရေးတွေ ပတ်နေတာ မြင်ရလို့ စိတ်အေးရပါတယ်”ဟု မူဆယ်မြို့မှ ဦးနိုင်အောင်က ပြောဆိုသည်။

မကြာခဏ ဆက်ကြေးကောက်ခံမှုများရှိရာတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အတွင်းကလည်း ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက ခရီးသည်တင်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးကာ ဆက်ကြေးကောက်ခံသည့် ခြိမ်းခြောက်စာပေးပို့ခဲ့သည်။ 

The Voice


0 comments:

Post a Comment