ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ပဒဲကောကျေးရွာအုပ်စုအပါအဝင် ကျေးရွာ ၁၂ ရွာ မှ ဒေသခံခုနစ်ထောင်ကျော်၏ ကျန်းမာရေးအတွက် အားထားနေရသည့် ပဒဲကော တိုက်နယ်ဆေးရုံတွင် တာဝန်ခံဆရာဝန် မရှိသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
၁၆ ခုတင်ဆံ့ပဒဲကောတိုက်နယ်ဆေးရုံတွင် တာဝန်ကျ အပြာဝတ်၊ အနီဝတ် ဆရာမ အပါအဝင် ကျန်းမာရေးဝန်ထမ်း ငါးဦးခန့်ရှိသော်လည်း တာဝန်ခံကုသပေးမည့် ဆရာဝန်မရှိသည်မှာ သုံးလကျော်ခန့်ရှိလာပြီဖြစ်ပြီး အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်ပါက အခက်ကြုံနေရသဖြင့် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆရာဝန်အမြန်ဆုံး စေလွှတ်ပေးစေလိုကြောင်း ၎င်းတို့ကဆိုသည်။
“ဆေးရုံက ၂၀၁၆ ခုနှစ်လောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်၊ ဆေးရုံစဖွင့်ကတည်းက တာဝန်ခံဆရာဝန် ဒေါက်တာလင်းလင်းထွန်း တာဝန်ကျပြီး ပြီးခဲ့တဲ့ သုံးလကျော်ရာထူးတိုးပြီး ပြောင်းသွားကတည်းက တာဝန်ခံဆရာဝန် မရှိတော့တာပါ၊ ဒေသခံတွေက အရေးပေါ်ကျန်းမာရေးကိစ္စရှိရင် တောထဲကလူက ထမ်းစင်နဲ့ ပဒဲကောလာ တစ်ဆင့်ခံ ကား၊ ဆိုင်ကယ်နဲ့သွားရတယ်”ဟု ပဒဲကောဒေသခံ အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောဆိုသည်။
ပဒဲကောတိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန် မရှိသေးသဖြင့် အခက်ကြုံတွေ့နေရသည်ကို သိရှိခဲ့ရသဖြင့် လာမည့်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းတင်ပြမည်ဖြစ်ပြီး ဒေသဆိုင်ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ကလည်း မိမိနှင့်ညှိနှိုင်းပေါင်းစပ်ကာ တာဝန်ခံဆရာဝန်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။
ရွှေကျင်မြို့နယ် ပဒဲကောတိုက်နယ် ဆေးရုံတွင် တာဝန်ခံဆရာဝန်ချထားပေးနိုင်ခြင်းမရှိသေးသော်လည်း တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန (ကုသရေး) မှ အလှည့်ကျဆရာဝန်များ စေလွှတ်ပေးနေကြောင်း ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာန (ကုသရေး) မှ တာဝန်ရှိသူ ဆရာဝန်ကြီးတစ်ဦးက ပြောကြားသည်။
ရွှေကျင်မြို့နယ် ပဒဲကော တိုက်နယ်ဆေးရုံကို အားထားနေရသည့် ပဒဲကောအုပ်စု ၈ ရွာ၊ အဘီးအုပ်စု ၂ ရွာနှင့် ဘောက ထာအုပ်စု ၂ ရွာ အပါအဝင် ကျေးရွာ ၁၂ ရွာခန့်တွင် လူဦးရေ ၇၀၀၀ နီးပါးရှိကာ ရွှေကျင်မြို့နှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေး အနည်းငယ်ခက်ခဲကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် အပါအဝင် ခရိုင်လေးခု၊ မြို့နယ်ပေါင်း ၂၈ မြို့နယ်အတွင်း ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၆၅ ခုကျော်၊ ၂၅ ခုတင်နှင့်အထက် ၁၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၄၀ ကျော်ခန့်ရှိပြီး လူလေး၊ ငါးသန်းနီးပါး ဆရာဝန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုအချိုး ၁ အချိုး ၇၇၂၄ ရှိကြောင်း ယခင်တိုင်းအစိုးရဟောင်း လက်ထက်က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice






0 comments:
Post a Comment