နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ် ရိန်ခူးရွာတွင်နေထိုင်သည့် တောင်ယာလုပ်ကိုင်သူတစ်ဦး တောင်ယာခင်းအတွင်း ဝင်လာသည့် ဝက်ဝံကိုခြောက်လှန့်ရာမှ ဝက်ဝံအကုတ်ခံခဲ့ရကြောင်း နန်းယွန်းမြို့နယ် တိုင်းယောင်း လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
အဆိုပါရွာနေ ဦးရှင်နုတ်သည် နိုဝင်ဘာ ၁၉ ရက်က ရွာနှင့် သုံးမိုင်ခန့်ဝေးပြီး ခြေလျင်ဖြင့် တစ်နာရီခန့် လမ်းလျှောက်ရသည့် တောင်ယာသို့သွားရောက်ခဲ့ပြီး တောင်ယာအတွင်း ဝက်ဝံဝင်နေသည်ကိုတွေ့၍ ခြောက်လှန့်ရာမှ အကုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးအေးချမ်းဦးက ရှင်းပြသည်။
ဝက်ဝံအကုတ်ခံရပြီး ဒဏ်ရာရ၍ ရွာသို့မပြန်နိုင်ဘဲရှိခဲ့သည်။ နိုဝင်ဘာ ၂၀ ရက်တွင် ရွာရှိ မိသားစုက လူအင်အားဖြင့်လိုက်ရှာရာ တောင်ယာအနီးတောထဲတွင် ဒဏ်ရာများဖြင့်တွေ့ခဲ့ရပြီး လူနာကို ဒုံဟီးမြို့သို့ ခြေလျင်ဖြင့် သုံးနာရီကြာ လမ်းလျှောက်ခေါ်လာခဲ့ပြီး ဒုံဟီးမှတစ်ဆင့် ဆိုင်ကယ်ဖြင့် နန်းယွန်းဆေးရုံသို့ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
“ဒဏ်ရာက အခြားနေရာတော့ ဆိုးဆိုးဝါးဝါး မရှိဘူး။ အဓိက ကတော့ မျက်နှာပေါ့။ မျက်နှာဆိုတဲ့အခါကျတော့ နန်းယွန်းပြည်သူ့ဆေးရုံအနေနဲ့လည်း ကိရိယာတွေက မစုံလင်တဲ့အခါကျတော့ မြစ်ကြီးနားကို လွှဲပေးလိုက်တာပေါ့”ဟု ဦးအေးချမ်းဦးက ပြောကြားသည်။
လူနာကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် နန်းယွန်းဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ပို့လိုက်ပြီဖြစ်ပြီး နန်းယွန်းမှမြစ်ကြီးနားအထိ ကားခကုန်ကျစရိတ်ကို တိုင်းယောင်းလူမှုကူညီရေးအသင်းက ကူညီပေးခဲ့ပြီး မိသားစုအနေနှင့်နှင့် မြစ်ကြီးနားတွင် ဆက်လက် ဆေးကုသမှုခံယူရန် ငွေကြေးခက်ခဲနေကြောင်း ယင်းအသင်းထံမှ သိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်ကလည်း နန်းယွန်းမြို့နယ် ချမ်ကောက်ဆန်ရီရွာတွင် အမျိုးသားနှစ်ဦးသည် တောင်ယာစပါးခင်းအတွင်း ဝင်နေသည့် တောဝက်ကိုမောင်းထုတ်ရာမှ တောဝက် အပက်ခံရပြီး ဒဏ်ရာရခဲ့၍ ဆေးကုသမှုခံယူခဲ့ရသည်။
The Voice







0 comments:
Post a Comment