ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် စမတ်ကတ် (ကျူးကျော်ဖြစ်ကြောင်း သက်သေခံလက်မှတ်) မရှိသော ကျူးကျော်များကို တစ်တဲကျူး တစ်တဲဖျက်စနစ်ဖြင့် ဖျက်သိမ်းရေးကို ယခုလကုန်မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျူးကျော် စာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေနှင့် မိမိရပ်ကွက်၊ ကျေးရွာအတွင်း စမစ်ကတ် မရှိသောကျူးကျော်တဲများ ကျူးကျော်လာပါက တစ်တဲကျူး တစ်တဲဖျက်စနစ်ဖြင့် ဖျက်သိမ်းဖယ်ရှားစေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ညှိနှိုင်းသွားရန် ယခုလ နောက်ဆုံးအပတ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အကြောင်းကြားထားကြောင်း ကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စမတ်ကတ်မရှိတဲ့ ကျူးတဲတွေကို ဖျက်သိမ်းဖို့ စီမံချက်နဲ့လုပ်ဖို့ ထုတ်ပြန်ထားတယ်။ ကျူးကျော်တွေက စာရင်းကောက်ထားတာ ကျူးကျော်တဲ တစ်ရာ လောက်ရှိတဲ့နေရာတွေက အခုဆို သုံးရာလောက်ဖြစ်နေတယ်။ စမတ်ကတ်မရှိဘဲနဲ့ ကျူးကျော်လို့ သတ်မှတ်ခြင်း မခံထားရတဲ့ နောက်ထပ်ကျူးကျော်တွေကို ရှင်းလင်းဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အပြင် ဒဂုံတောင်ပိုင်းမြို့နယ်မှာလည်း ထုတ်ပြန်ထားတယ်”ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်အများဆုံး နေထိုင်လျက်ရှိကာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် လက်ရှိကောက်ယူထားသည့် စာရင်းအရ အိမ်ထောင်စုပေါင်း ၁၅,၄၀၀ ကျော်ရှိကြောင်း ကျူးကျော်စာရင်းများ ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
“နောက်ထပ် ကျူးကျော်အသစ်တွေ လက်မခံဘူးပေါ့။ ကျူးကျော်စာရင်း ကောက်ထားတာက တစ်ရာရှိတယ်။ ဒါပေမဲ့ အဲဒီနေရာကို ကျူးကျော်နောက် ထပ်အသစ်တွေရောက်လာရင် အသိပေးမယ်။ သူတို့ မူလနေရာပြန်သွားပေါ့။ ကျူးကျော်အသစ်တွေကို ရပ်ကွက်မှာရှိတဲ့လူတွေကလည်း လက်မခံတော့ အခုလိုဆောင်ရွက်ဖို့ ဝန်ကြီးချုပ်က အစကတည်းက အမိန့်ထုတ်ပြီးသားပါ”ဟု ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက ပြောကြားသည်။
ကျူးကျော်စာရင်းကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင် ကောက်ယူမှုပြီးစီးခဲ့ကာ ကျူးကျော်များနေထိုင်သည့် မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော်ကို စမစ်ကတ်ထုတ်ပေးခဲ့ကြောင်း ကျူးကျော်စာရင်းကောက်ယူရေး အဖွဲ့ထံမှသိရသည်။
The Voice
0 comments:
Post a Comment