ကရင်ပြည်နယ်အတွင်းမှ ကျောက်ကပ်ဝေဒနာရှင်များအနေနှင့် ယခင်က ရန်ကုန်မြို့ သို့မဟုတ် မော်လမြိုင်မြို့ရှိ ဆေးရုံများသို့သွားပြီး ကျောက်ကပ်ဆေးခြင်း၊ ကုသမှုခံယူခြင်းတို့ ပြုလုပ်ရသော်လည်း ယခုအခါ ဘားအံဆေးရုံ၌ပင် ကျောက်ကပ်ဆေးနိုင်ပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။
ကျောက်ကပ်ဝေဒနာရှင်များအနေနှင့် နာတာရှည်လူနာဖြစ်လျှင် အကြိမ်ကြိမ်ဆေးရမည်ဖြစ်သည့်အတွက် တစ်ကြိမ်လျှင် ကျပ်နှစ်သောင်းခွဲကို ၀န်ဆောင်ခ ယူသွားမည်ဖြစ်သော်လည်း၊ မြွေကိုက်ခြင်းနှင့် အဆိပ်မိခြင်းကဲ့သို့သော အရေးပေါ်လူနာများကိုမူ အခမဲ့ကုပေးမည်ဟု ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။
အလှူရှင်များ၏ လှူဒါန်းမှု၊ ပြည်နယ်အစိုးရ ထောက်ပံ့မှုဖြင့် ဘားအံဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် ၆ လုံး တပ်ဆင်နိုင်ပြီးဖြစ်ကာ နိုဝင်ဘာနောက်ဆုံးပတ်အထိ ဝေဒနာရှင် ၁၀ ဦးကို ကျောက်ကပ်ဆေးခြင်း၊ ပုံမှန်သောက်သင့်သည့် ဆေးဝါးများ စနစ်တကျ တိုက်ကျွေးခြင်း၊ စောင့်ရှောက်ကုသခြင်းများ ပြုလုပ်နေသည်ဟု ယင်းဌာနထံမှ သိရှိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “အရင်တုန်းကဆိုရင် ကျွန်မတို့ရဲ့အသိဆွေမျိုးတွေလည်း ကျောက်ကပ်ဝေဒနာခံစားရရင် ဒီမှာ ကုလို့မရဘူး။ ရန်ကုန်ကိုသွားရတယ်..။ အခုဆိုရင် အလှူရှင်ပေါ်လို့ ကျောက်ကပ်သန့်စင်တဲ့စက်တွေကို တပ်ဆင်နိုင်တယ်။ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဒီစက်အသုံးပြုမှုနဲ့ကုသမှုအပိုင်းကို လေ့ကျင့်ပေးထားပြီးဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဘားအံပြည်သူ့ဆေးရုံကြီး ပြည်နယ်အုပ်ချုပ်မှုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က ယခုနှစ် အောက်တိုဘာလအထိ ပြည်နယ်အတွင်း မြွေကိုက်ခံရသည့် လူနာ ၈၅ ဦးရှိပြီး ယင်းအနက် ၁၀ ဦးမှာ ကျောက်ကပ်ပျက်စီးသွားသည့်အတွက် ရန်ကုန်သို့လွှဲပြောင်းပေးခဲ့ရကြောင်း၊ ဆေးရုံရောက်နောက်ကျခြင်း၊ ဆေးမြီးတိုဖြင့် ကုသခြင်းများရှိပြီး ထိုအချက်က ကျောက်ကပ်ကိုပျက်စီးစေခြင်းဖြစ်ကြောင်း သတိပေးသည်။
ကျောက်ကပ်နှင့်ပတ်သက်သော ဝေဒနာရှင်များမှာ အဓိကအားဖြင့် သွေးတိုး၊ နှလုံး၊ ဆီချိုရောဂါရှိသူများက ကာလရှည်အကြိမ်ကြိမ် ကျောက်ကပ်ဆေးရမည့် လူနာများဖြစ်ပြီး၊ ပုံမှန်နေ့စဉ် သွေးကျဆေး၊ ဆီးချိုကျဆေးများကို မှီဝဲရမည့်လူနာများဖြစ်သည်။ မြွေကိုက်ခြင်း၊ အခြားသောအဆိပ်သင့်သူဝေဒနာရှင်များအနေနှင့် ကျောက်ကပ်အရေးပေါ်ကုသရမည့် လူနာများတွင်ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။
ကျောက်ကပ်သန့်စင်စက်လှူဒါန်းရခြင်းမှာ ပြည်နယ်၏ လိုအပ်ချက်တစ်ခုဖြစ်သကဲ့သို့ အဓိကအားဖြင့် အရေးပေါ်အခြေအနေနှင့် ကြုံရသည့် ချို့ငဲ့လူမမာများနှင့် ရန်ကုန်သို့ တစ်ကြိမ်မျှမရောက်ဖူးသူ ရွာသူရွာသားများအတွက် အချိန်မီကုသနိုင်ရန်၊ ပြည်နယ်အတွင်း ကုသပေးနိုင်ရန် ရည်ရွယ်သည်ဟု ကျောက်ကပ်ဆေးစက်လှူဒါန်းသူတစ်ဦးဖြစ်သည် ဒေါက်တာဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။
“အရင်ကတော့ (၂) နှစ် တစ်ကြိမ်လောက် ပုံမှန်ရန်ကုန်ကို ကျောက်ကပ်သွားသွားဆေးနေရတယ်။ အခုဒီမှာ အဲ့ဒီစက်ရှိပြီဆိုတော့ ဘာပဲပြောပြောသွားရလာရ မပင်ပန်းတော့ဘူးပေါ့။ ဘားအံဆေးရုံကြီးမှာ ဒီထက်စက်ပစ္စည်းတွေ စုံစုံလင်လင်ရှိစေချင်တယ်”ဟု ကျောက်ကပ်ဝေဒနာရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။
ဓာတ်ပုံ - စောကျော်ဌေး
The Voice
0 comments:
Post a Comment