Thursday, November 1, 2018

အမေရိကန်ကမ်းခြေတခုတွင် ဆော်ဒီအမျိုးသမီး ၂ ဦး အလောင်းတွေ့


အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဟက်ဆန်မြစ်ကမ်းခြေမှာ လွန်ခဲ့တဲ့ တပတ်ကတွေ့ရှိရတဲ့ ဆော်ဒီအမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး နယူးယောက် ရဲတပ်ဖွဲ့က သဲလွန်စတွေ ရှာဖွေစစ်ဆေးနေပါတယ်။
သူတို့နှစ်ဦးဟာ အသက် ၁၆ နှစ်အရွယ် တယ်လာဖာရီနဲ့ အသက် ၂၂ နှစ်အရွယ် ရိုတန်နာဖာရီ ညီအစ်မနှစ်ဦး ဖြစ်ပါတယ်။ 

သူတို့ထဲက တဦးဟာ လွန်ခဲ့တဲ့နှစ်လက ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။ လမ်းသွားလမ်းလာတဦးက သူတို့နှစ်ဦး အလောင်းတွေကို အောက်တိုဘာ ၂၄ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး တွေ့ရှိချိန်မှာ အလောင်းတွေ ပုပ်ပွခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီအတွက် သူတို့သေဆုံးတာ မကြာသေးဘူးလို့ မှုခင်းဆရာဝန်က ဆိုပါတယ်။ အဲဒီညီအစ်မနှစ်ဦးဟာ အကြောင်းပြချက်မပေးဘဲ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားခဲ့တယ်လို့ နယူးယောက်တိုင်းသတင်းစာက ဖော်ပြပါတယ်။

နယူးယောက်တိုင်းရဲ့ ဖော်ပြချက်ကို ရဲတပ်ဖွဲ့က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အလားတူ နယူးယောက်မြို့ ဆော်ဒီကောင်စစ် ဝန်ချုပ်ကလည်း နယူးယောက်တိုင်းရဲ့ ဖော်ပြချက်ကို တိုက်ရိုက်မှတ်ချက်ပြု ပြောကြားခြင်း မရှိဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။




0 comments:

Post a Comment