Thursday, November 29, 2018

ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၅) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်


စပါးတပ်မော်စကို - ရက်ပစ်ဗီယင်နာ 

ဒီအုပ်စုမှာက လေးသင်းလုံးဟာ နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် မျှော်လင့်ချက်ကိုယ်စီ ရှိနေကြတယ်။ စပါးတပ်မော်စကိုက တဖြည်းဖြည်းချင်း ခြေတက်လာတာကို သတိပြုရမှာပါ။ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၁၁ ပွဲမှာ ရက်ပစ်ဗီယင်နာက နိုင်ပွဲတစ်ပွဲတည်းပဲ ရရှိထားပါတယ်။ စပါးတပ်မော်စကိုတိုက်စစ်ဟာ အိမ်ကွင်းမှာ ရိန်းဂျားလို အသင်းမျိုးကို လေးဂိုးသွင်းနိုင်ခဲ့တာ မမေ့သင့်ပါဘူး။ စပါးတပ်မော်စကို ကပ်နိုင်သွားပါလိမ့်မယ်။ 
အက်စ်တာနာ - ဒိုင်နမိုကိဗ် 

နှစ်သင်းလုံးဟာ နောက်တစ်ဆင့်ဆီ တက်ရောက်နိုင်ဖို့အတွက် အရမ်းပဲ နီးစပ်လို့နေပါပြီ။ ကာဇက်စတန်ကလပ် အက်စ်တာနာဟာ သူ့အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကိုတောင် အခက်တွေ့စေလေ့ ရှိပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း အိမ်ကွင်း ဥရောပပွဲစဉ် ခြောက်ပွဲကို အက်စ်တာနာက ငါးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်နဲ့ ဖြတ်သန်းထားပါတယ်။ ဒိုင်နမိုကိဗ်ကလည်း အသင်းသမိုင်းကြောင်းတစ်လျှောက်မှာ ကာဇက်စတန် ကလပ်တွေကို တစ်ခါမှ မရှုံးဖူးပါဘူး။ သရေဟာ အမျှတဆုံးသောရလဒ်ဖြစ်ပါတယ်။ 

လေဗာကူဆင် - လူဒိုဂိုရက်စ် 

ဒီအုပ်စုက လေဗာကူဆင်နဲ့ ဇူးရစ်ခ်ျအကြား ဘယ်အသင်းက အုပ်စုပထမအဖြစ်နဲ့ နောက်တစ်ဆင့် တက်သွားလေမလဲဆိုတဲ့ ဇာတ်သိမ်းခန်းတစ်ခုပဲ ကျန်ပါတော့တယ်။ လက်ကျန်ပွဲစဉ် နှစ်ပွဲလုံးမှာ အနိုင်ရလဒ်ကို ရယူနိုင်ဖို့အတွက် လေဗာကူဆင် အားကုန် ကစားသွားလိမ့်ဦးမယ်လို့ ယူဆမိပါတယ်။ အိမ်ကွင်း ဘေးအရီနာမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စု အဆင့်ပွဲစဉ်တွေကို လေဗာကူဆင် တစ်ပွဲမှမရှုံးဖူးပါဘူး။ ခြောက်ပွဲနိုင်ပြီး နှစ်ပွဲသရေရရှိခဲ့ပါတယ်။ အဲ့ဒီပွဲစဉ် ရှစ်ပွဲမှာ ခြောက်ပွဲ ဂိုးမပေးခဲ့ရတာဟာလည်း လေဗာကူဆင်ရဲ့ ထူးခြားချက်တစ်ရပ်ပါ။ လေဗာကူဆင်ကို ရွေးမယ်။ 

ဇူးရစ်ခ်ျ - လာနာကာ 

နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတဲ့ အခြေအနေကနေပြီး ရုန်းကန်ဖောက်ထွက်ဖို့ ဇူးရစ်ခ်ျ ကြိုးပမ်းပါလိမ့်မယ်။ ဇူးရစ်ခ်ျဟာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ဖို့အတွက် လက်ကျန်ပွဲစဉ်တွေကို အာရုံစူးစိုက်ပြီး ကစားရဦးမှာပါပဲ။ အုပ်စုအဆင့်ကနေ ထွက်လိုက်ရပြီဖြစ်တဲ့ လာနာကာဟာ သူ့ပြည်တွင်းပွဲတွေကိုပဲ အာရုံစိုက်လောက်တော့မယ် ယူဆမိပါတယ်။ ဆိုက်ပရပ်စ်ကလပ်တွေကို ဇူးရစ်ခ်ျက အိမ်ကွင်းမှာ သုံးပွဲ လက်ခံကစားခဲ့ဖူးပြီး သုံးပွဲလုံး အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်သုံးပွဲမှာ ဇူးရစ်ခ်ျက ရှစ်ဂိုးရယူနိုင်ခဲ့ပြီး တစ်ဂိုးပဲ ပြန်ပေးခဲ့ရတာပါ။ ဇူးရစ်ခ်ျ ကပ်နိုင်သွား ပါလိမ့်မယ်။ 

ရိုစင်ဘော့ - ဆဲလ်တစ် 

ရိုစင်ဘော့က ကစားခဲ့ပြီးတဲ့ ပွဲစဉ်လေးပွဲမှာ လေးပွဲလုံး ရှုံးနိမ့်ထားပါတယ်။ ဒီပွဲစဉ်လေးပွဲမှာ ရိုစင်ဘော့တိုက်စစ်က သုံးဂိုးသာ သွင်းနိုင်ခဲ့ပြီး ၁၂ ဂိုး ပြန်ပေးခဲ့ရတဲ့အချက်ကို မမေ့သင့်ပါဘူး။ တစ်ဖက်မှာ လိုက်ပ်ဇစ်ဂ်ျနဲ့ ဆဲလ်ဘတ်တို့ ထိပ်တိုက်တွေ့နေကြတဲ့အတွက် ဒီပွဲကို အနိုင်ကစားလိုက်နိုင်ရင် ဆဲလ်တစ်အတွက် အခြေအနေကောင်းတစ်ခု ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ စကော့တလန်ကလပ်တွေနဲ့ ဥရောပပွဲစဉ် ပေါင်း ၁၃ ပွဲယှဉ်ပြိုင်ခဲ့ရာမှာ ရိုစင်ဘော့က တစ်ပွဲသာနိုင်ဖူးပြီး ကိုးပွဲ ရှုံးနိမ့်ထားပါတယ်။ ဆဲလ်တစ်က ရိုစင်ဘော့နဲ့ ထိပ်တိုက်တွေ့ဆုံမှာ ကိုးကြိမ်မှာ ခြောက်ကြိမ် အနိုင်ရပြီး တစ်ပွဲတည်းသာ ရှုံးနိမ့်ထားတာပါ။ ဆဲလ်တစ်နဲ့ စွန့်စားကြည့်ကြရအောင်လား။ 

ဆဲလ်ဘတ် - လိုက်ပ်ဇစ်ဂ်ျ 

နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်သုံးပွဲမှာ လိုက်ပ်ဇစ်ဂ်ျက တစ်ပွဲသာနိုင်ပြီး နှစ်ပွဲရှုံးထားပါတယ်။ ဒီနှစ်သင်းလုံးကို ရက်ဘူးလ် စီးပွားရေးလုပ်ငန်းစုတစ်ခုတည်းက ပိုင်ဆိုင်ထားတာပါ။ လိုက်ပ်ဇစ်ဂ်ျရဲ့ဥရောပပြိုင်ပွဲ အဝေးကွင်းစွမ်းဆောင်ရည်က သိပ်ပြီး အားရစရာမကောင်းလှပါဘူး။ ကစားခဲ့ပြီးတဲ့ ဥရောပပွဲစဉ် အဝေးကွင်း ၁၁ ပွဲမှာ လိုက်ပ်ဇစ်ဂ်ျ ဂိုးမပေးခဲ့ရတာဆိုလို့ တစ်ပွဲတည်းသာရှိခဲ့ပါတယ်။ ဆဲလ်ဘတ်က နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း ဥရောပပွဲစဉ် ၁၅ ပွဲမှာ တစ်ပွဲမှ မရှုံးခဲ့ပါဘူး။ ၁၁ ပွဲအထိ အနိုင်ရခဲ့ပါတယ်။ အံ့ဩစရာကောင်းနေတာ ဒီပွဲမှာ အဘက်ဘက်က အသာရနေတဲ့ ဆဲလ်ဘတ်ကို အောက်အသင်းအဖြစ် သတ်မှတ်ထားတာပါပဲ။ လုပ်ပွဲသံသယ ဆိုတာမျိုးတော့ နည်းနည်းရှိနေပါတယ်။ လမ်းမှန် ကမ်းမှန်အတိုင်းဆိုရင်တော့ ဆဲလ်ဘတ်အတွက် အနိမ့်ဆုံးအဖြစ် သရေတစ်မှတ် မရနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဆဲလ်ဘတ်နဲ့ပဲ လက်တွဲကြရအောင်လား။ 

ဘော်ဒိုး - ဆလားဗီးယားပရပ် 

ဘော်ဒိုးအတွက်က မျှော်လင့်ချက်အားလုံး အရောင်မှိန်ဖျော့သွားခဲ့ပါပြီ။ ဒါပေမဲ့ အိမ်ကွင်းပွဲစဉ် ဖြစ်နေတာကြောင့် ဘော်ဒိုးသာ အားထည့်ရုန်းကန်လာရင် ဆလားဗီးယားပရပ် အခက်တွေ့သွားနိုင်ပါတယ်။ ကစားခဲ့ပြီးတဲ့ ယူရိုပါလိဂ်ပွဲစဉ် ၁၃ ပွဲမှာ နိုင်ပွဲ ရှာမတွေ့ခဲ့တဲ့ ဘော်ဒိုးဖြစ်အင်ကတော့ သူ့ကို အားပေးချင်သူတွေအတွက် အနည်းငယ် လက်တွန့်လောက်စရာပါပဲ။ ဒါပေမဲ့ ဆလားဗီးယားပရပ်ဘက်ကို ပြန်ကြည့်လိုက်တော့လည်း သူတို့ဟာ နောက်ဆုံးကစားထားတဲ့ ဥရောပအဝေးကွင်းပွဲစဉ် ၂၃ ပွဲမှာ တစ်ပွဲတည်းသာ နိုင်ထားပြီး ၁၂ ပွဲရှုံးထားတဲ့အသင်းဆိုတာကို မြင်ကြရပါလိမ့်မယ်။ သရေရလဒ်ဟာ အမျှတဆုံးသော အဖြေပါပဲ။ ဘော်ဒိုးကို လက်ကိုင်ပြုကြည့်လိုက်ကြရအောင်လား။ 

ဇင်းနစ် - ကိုပင်ဟေဂင် 

ကိုပင်ဟေဂင်ဟာ ဒီပွဲကို အနိုင်ရမှ နောက်တစ်ဆင့်တက်ဖို့ကို မျှော်လင့်ချက် ထားရှိနိုင်မှာဖြစ်ပါတယ်။ ဇင်းနစ်ကလည်း ကိုပင်ဟေဂင်ကိုသာ အနိုင်ရလိုက်ရင် အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်တက်နိုင်ဖို့ ခြေတစ်လှမ်း ပိုနီးသွားမှာပါ။ အိမ်ကွင်းပွဲစဉ်တွေဆိုရင် ဇင်းနစ် ခြေစွာတတ်လေ့ရှိပါတယ်။ ဥရောပပြိုင်ပွဲတွေမှာ ဇင်းနစ်က ဒိန်းမတ်ကလပ်တွေနဲ့ ပွဲစဉ်ငါးပွဲ အားပြိုင်ခဲ့ဖူးပြီး တစ်ပွဲမှ မရှုံးခဲ့ဖူးပါဘူး။ သုံးပွဲနိုင်ပြီး နှစ်ပွဲသရေ ရခဲ့ပါတယ်။ ကိုပင်ဟေဂင်က သရေတစ်မှတ် ရယူနိုင်ဖို့ကိုပဲ ဦးတည်ကစားမယ့်အသင်းပါ။ ခြေစွမ်းမာတဲ့ ဇင်းနစ်ကို သဘောကျမိတယ်။ 

ဖီနာဘာချီ - ဒိုင်နမိုဇာဂရက် 

ဖီနာဘာချီက အိမ်ကွင်းကစားအား ကောင်းနေပါတယ်။ ဒိုင်နမိုဇာဂရက်ကလည်း လေးပွဲကစား ပြီးချိန်မှာ လေးပွဲလုံး ရာနှုန်းပြည့်အနိုင်ရပြီး အရှိန်တစ်ခုနဲ့ ရှေ့ဆက်နေတဲ့အသင်းပါ။ ဒိုင်နမိုဇာဂရက်ဟာ တူရကီမြေမှာတော့ နိုင်ပွဲတစ်ပွဲမှ မရခဲ့ဖူးပါဘူး။ နောက်ဆုံးကစားထားတဲ့ ဥရောပအဝေးကွင်းပွဲစဉ် ခုနစ်ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့စံချိန်ကို ဖီနာဘာချီ ဆက်ထိန်းနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။ ကိုယ့်အိမ်ကွင်း ကိုယ့်ပရိသတ်ရှေ့မှောက်မှာ ဖီနာဘာချီ ခြေစွာတတ်လေ့ရှိပေမယ့် ဒီပွဲမှာတော့ သူရင်ဆိုင်ရမှာက ရစ်သမ်မှန်နေတဲ့ ဒိုင်နမိုဇာဂရက်ဖြစ်ပါတယ်။ သရေကျဖို့ ရာခိုင်နှုန်းများတဲ့ပွဲစဉ်ပါ။ ဒိုင်နမိုဇာဂရက်ကို ရွေးချယ်လိုက်ပါရစေ။ 

အန်ဒါလက်ခ်ျ - တာနာဗာ 

နှစ်သင်းလုံးက တပ်ပျက်လို့နေပါတယ်။ တစ်ဖက်မှာ ဖီနာဘာချီအရေးနိမ့်ပြီး ဒီပွဲမှာ တာနာဗာ အနိုင်ရလိုက်ရင် ၃၂ သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်ဖို့အတွက် တာနာဗာ အခြေအနေပြန်ကောင်းသွားမှာပါ။ ခက်တာက တာနာဗာဟာ အုပ်စုတွင်းမှာ သုံးပွဲဆက်တိုက် ရှုံးပွဲကြုံထားတာပါပဲ။ အန်ဒါလက်ခ်ျကလည်း ပုံစံကောင်း မရနိုင်ဖြစ်လို့နေပါတယ်။ တာနာဗာနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ သုံးကြိမ်လုံးမှာ အန်ဒါလက်ခ်ျက အရှုံးရလဒ်တွေနဲ့ချည်း ဆက်တိုက်ကြုံခဲ့ရတာကို သတိပြုရမှာပါ။ အန်ဒါလက်ခ်ျ အနိုင်ရခဲ့ရင်လည်း ကပ်နိုင်ရုံလောက်သာ ဖြစ်ပါလိမ့်မယ်။ တာနာဗာနဲ့ စွန့်စားခန်းဖွင့်လိုက်ပါရစေ။ 

ဗော့စ်ကာလာ - အာဆင်နယ် 

အာဆင်နယ်ကို အနိုင်ရခဲ့ရင် ဗော့စ်ကာလာအတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ရေး မျှော်လင့်ချက်က အကောင်အထည်ပေါ်ဖို့ ဖြစ်ကောင်းဖြစ် သွားနိုင်ပါတယ်။ ပြိုင်ပွဲအရပ်ရပ်မှာ နောက်ဆုံးသုံးပွဲ ဆက်တိုက် အရှုံးရလဒ်ကြုံထားရတဲ့ ဗော့စ်ကာလာဟာ အာဆင်နယ်ကို ယှဉ်နိုင်ဖို့ ခက်ပါတယ်။ အာဆင်နယ်အတွက် ပြဿနာဖြစ်နိုင်တာက -၁၄ ဒီဂရီ ဆဲလ်စီးရပ်စ်ရှိနေတဲ့ ယူကရိန်းရဲ့ရာသီဥတု အခြေအနေပါပဲ။ ဒီကြားထဲ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကလည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပါတယ်။ သရေလိုရလဒ်မျိုး အမှတ်မထင်ဘဲ ဆိုက်ရောက်လာနိုင်တဲ့ ပွဲစဉ်ပါ။ ဗော့စ်ကာလာကို အားပေးပါ။ 

ကာရာဘတ်ဂ်ျ - စပို့တင်းလစ္စဘွန်း 

ကာရာဘတ်ဂ်ျဟာ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ခွင့်အတွက် စိတ်ကူးယဉ်နိုင်မှာဖြစ်လို့ အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး စပို့တင်းလစ္စဘွန်းကို ဖိအားပေးပြီး ကစားသွားပါလိမ့်မယ်။ ယူရိုပါလိဂ်အုပ်စုအဆင့် အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ရာမှာ ခြောက်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ကိုးပွဲရှုံးရလဒ် ရရှိထားတဲ့ စပို့တင်းလစ္စဘွန်းရဲ့စွမ်းဆောင်ရည်က သိပ်မဆိုးလှပါဘူး။ ဒါပေမဲ့ ဒီပွဲမှာ ကာရာဘတ်ဂ်ျက အနိုင်မရရင်တောင် သရေရအောင် ခံကန်ပြီး စပို့တင်းလစ္စဘွန်းကို ဒုက္ခပေးသွားနိုင်ခြေရှိတာ ထည့်တွက်ရပါလိမ့်မယ်။ ကာရာဘတ်ဂ်ျကို အကြိုက်တွေ့မိတယ်။ 

ဘက်တစ် - အိုလံပီယာကော့စ် 

နှစ်သင်းလုံးက လက်ရှိမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်လို့နေပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ် နှစ်ပွဲဆက်တိုက် အိုလံပီယာကော့စ် အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်မားဆုံးသောအနေအထားတစ်ရပ် ရရှိထားတာကို သတိပြုရမှာပါ။ နောက်တစ်ဆင့် တက်ရောက်ရေးကို အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဖြစ်လို့ အိမ်ကွင်းမှာ ဘက်တစ် အမှားမခံလောက်ပါဘူး။ ဘက်တစ် ကပ်နိုင်သွားပါလိမ့်မယ်။ 

အေစီမီလန် - ဒူဒီလန်ဂီ 

ဘက်တစ်နဲ့ အိုလံပီယာကော့စ်တို့ ထိပ်တိုက်တွေ့နေချိန်မှာ ဒူဒီလန်ဂီကို အနိုင်ကစားပြီးနောက် တစ်ဆင့်တက်ရောက်ရေးအတွက် သေချာမှုတစ်ခု ရှိနိုင်အောင် အေစီမီလန် ကြိုးပမ်းတော့မှာပါ။ ပြိုင်ပွဲ အရပ်ရပ် ပွဲစဉ်သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတဲ့ အခြေအနေကို အဆုံးသတ်ဖို့အတွက် အေစီမီလန် အားကုန်ရုန်းကန် ကစားလာပါလိမ့်မယ်။ အေစီမီလန်ရဲ့အနိုင်ရလဒ်ဟာ သုံးဂိုးအကွာ ပြတ်သားနိုင်ဖို့တော့ သိပ်မလွယ်လောက်ပါဘူး။ ဒူဒီလန်ဂီနဲ့ အရဲစွန့်ကြည့်ပါရစေ။ 

ခရတ်စ်နိုဒါ - အက်ခ်ဟီဆာစပေါ 

ခရတ်စ်နိုဒါဟာ တူရကီကလပ်တွေကို ဥရောပပြိုင်ပွဲတွေမှာ တစ်ကြိမ်တစ်ခါမှ အရေးမနိမ့်ဖူးသေးပါဘူး။ ဒီနှစ်ဘောလုံးရာသီမှာ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်အားလုံးကို ခရတ်စ်နိုဒါ အနိုင်ရထားတဲ့ အချက်ကလည်း အားရစရာကောင်းလှပါတယ်။ ဆီဗီလာနဲ့ စတန်းဒက်လီဂီတို့ ပွဲကျပ်ယှဉ်ပြိုင်နေချိန်မှာ ဒီပွဲကိုအနိုင်ကစားပြီး နောက်တစ်ဆင့်တက်ရောက်ဖို့အတွက် သေချာမှုတစ်ခု ရရှိနိုင်အောင် ခရတ်စ်နိုဒါ ကြိုးပမ်းပါလိမ့်မယ်။ ခရတ်စ်နိုဒါရဲ့အနိုင်ရလဒ်ကို သုံးဂိုးအကွာပြတ်သားမှုအထိ တောင်းဆိုထားပေမယ့် ဒီပွဲကိုရွေးချယ်ပြီး စွန့်စားမယ်ဆိုရင်တော့ ခရတ်စ်နိုဒါဘက်မှာသာ နေကြည့်ကြရမှာပါပဲ။ 

ဘိုရီဆော့ဗ် - ဗီဒီအိုတန် 

ဘိုရီဆော့ဗ်ဟာ ဟန်ဂေရီအသင်းတွေနဲ့ အားပြိုင်ခဲ့တဲ့ ဥရောပပွဲစဉ်တွေမှာ လေးပွဲနိုင်၊ နှစ်ပွဲသရေကျခဲ့ပြီး တစ်ပွဲတည်းသာ ရှုံးနိမ့်ခဲ့ပါတယ်။ အုပ်စု အောက်ဆုံးကိုရောက်နေပေမယ့် ဒီပွဲကို အနိုင်ကစားနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ဖို့အတွက် မျှော်လင့်ချက်ရှင်သန်လာနိုင်စရာအကြောင်းရှိလို့ ဘိုရီဆော့ဗ် အမှားမခံလောက်ပါဘူး။ အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင် ဘိုရီဆော့ဗ်က လုပ်အားနှုန်းကောင်းမွန်တတ်တာကို သတိပြုရပါလိမ့်မယ်။ ဘိုရီဆော့ဗ် ကပ်နိုင်သွားမယ့် ပွဲစဉ်ပါ။ 

ရိန်းဂျား - ဗီလာရီးရဲလ် 

ရိန်းဂျားဟာ စပိန်ကလပ်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ဥရောပပွဲစဉ်ပေါင်း ၂၃ ပွဲမှာ သုံးပွဲသာ အနိုင်ရပြီး ၁၃ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဗီလာရီးရဲလ်က စကော့တလန်ကလပ်တွေနဲ့ ဥရောပပွဲစဉ် ခုနစ်ပွဲ ယှဉ်ပြိုင်ခဲ့ဖူးရာမှာ ရှုံးပွဲဆိုလို့ တစ်ပွဲတည်းသာ ရှိခဲ့ပါတယ်။ ပြည်တွင်းပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားနေပေမယ့် ယူရိုပါလိဂ်ဘက်မှာတော့ ဗီလာရီးရဲလ်က အခြေအနေကောင်းတစ်ရပ် ဖန်တီးထားနိုင်တာကို သတိပြုရမှာပါ။ နှစ်သင်းလုံးအတွက် သရေရလဒ်ဟာ အမျှတဆုံးဖြစ်ပါတယ်။ 

အပိုလွန် - လာဇီယို 

ဒီအုပ်စုမှာက ဇာတ်လမ်းအားလုံး ပြီးဆုံးသွားခဲ့ပါပြီ။ လာဇီယိုက ဖရန့်ဖတ်နဲ့အတူ နောက်တစ်ဆင့်ဆီ တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်လို့ သာမန်လောက်ပဲ ကစားတော့မှာပါ။ မလိုအပ်ဘဲနဲ့ အရဲစွန့်ကစားတာမျိုးကို အီတလီကလပ်တွေ လုပ်ဆောင်လေ့ မရှိကြပါဘူး။ အပိုလွန်ဆီမှာကလည်း ဆိုးရွားတဲ့မှတ်တမ်းတစ်ခု ရှိလို့နေပါတယ်။ အဲ့ဒါကတော့ အီတလီကလပ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ဖူးတဲ့ ဥရောပပွဲစဉ် ခုနစ်ပွဲမှာ အပိုလွန်က နိုင်ပွဲဆိုလို့ တစ်ပွဲမှ မရရှိခဲ့ဖူးတာပါပဲ။ ဒီပွဲဟာ သရေရလဒ်နဲ့ ပြီးဆုံးသွားဖို့ ရာခိုင်နှုန်းများနေပါတယ်။ အပိုလွန်နဲ့ စွန့်စားကြည့်ကြရအောင်လား။ 

ဖရန့်ဖတ် - မာဆေး 

မာဆေးလည်း အုပ်စုအဆင့်ကနေ ထွက်လိုက်ရပြီဖြစ်လို့ သာမန်လောက်ပဲ ကစားတော့မှာပါ။ ဖရန့်ဖတ်ဟာ အုပ်စုဗိုလ်နေရာကို ရယူပြီး နောက်တစ်ဆင့်တက်ချင်ဆိုရင် ဒီပွဲကို အနိုင်ကစားနိုင်ဖို့ လိုပါတယ်။ နိုင်ပွဲတွေ ဆက်တိုက်ရရှိပြီး ခြေမြူးဂိုးမြူး ဖြစ်နေတဲ့ ဖရန့်ဖတ်ကို မာဆေးဟန့်တားနိုင်ဖို့ သိပ်မလွယ်လောက်ပါဘူး။ အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး အနိုင်သုံးမှတ်ကို ဖရန့်ဖတ် အရယူပါလိမ့်မယ်။ ဂိုးမပြတ်ခဲ့ရင် ဖရန့်ဖတ် ကပ်နိုင်သွားမှာ ကျိန်းသေပါပဲ။ ဖရန့်ဖတ်ကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါရစေ။ 

မယ်လ်မို - ဂျန့်ခ် 

အနိုင်ရတဲ့အသင်းဟာ နောက်တစ်ဆင့်ဆီ တက်နိုင်ဖို့ အခွင့်အလမ်းများသွားပါလိမ့်မယ်။ မယ်လ်မိုရဲ့အားနည်းချက်က ဥရောပပြိုင်ပွဲတွေမှာ ဘယ်လ်ဂျီယံကလပ်တွေကို အနိုင်ကစားနိုင်ခြင်းမရှိ သေးတာပါပဲ။ လက်ရှိခြေစွမ်းချင်း နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ မယ်လ်မိုက ဂျန့်ခ်ထက် အသာစီးအနေအထားမှာ ရှိလို့နေပါတယ်။ သရေခံကန်နိုင်ရင် အကျိုးဖြစ်ထွန်းမယ့် ပွဲစဉ်ဖြစ်လို့ အိမ်ရှင်အားသာချက်ကို ပိုင်ဆိုင်ထားတဲ့ မယ်လ်မိုနဲ့ပဲ လက်တွဲထားကြည့်ချင်တယ်။ 

ဆတ်ပ်ဘော့ဂ်ျ - ဘက်ဆစ်တပ် 

နော်ဝေမြေမှာ ဘက်ဆစ်တပ် နိုင်ပွဲမရဘူးတာက ပြဿနာဖြစ်လာနိုင်ပါတယ်။ ဘက်ဆစ်တပ်ဟာ နော်ဝေကလပ်တွေနဲ့ ဥရောပပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ နော်ဝေမြေဆီကို လေးကြိမ်လာရောက်ခဲ့ဖူးပြီး အဲ့ဒီပွဲစဉ်လေးပွဲမှာ ဘက်ဆစ်တပ်က တစ်ပွဲသာ သရေကစားနိုင်ခဲ့ကာ သုံးပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ပြည်တွင်းလိဂ်မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ရရှိနေတဲ့ ဆတ်ပ်ဘော့ဂ်ျဟာ ဘက်ဆစ်တပ်ကို ကျိန်းသေဒုက္ခပေးပါလိမ့်မယ်။ သရေကျခဲ့ရင် အကျိုးအမြတ်ရရှိမယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားတဲ့ ဆတ်ပ်ဘော့ဂ်ျဘက်ကပဲ နေကြည့်ချင်တယ်။ 

စတန်းဒက်လီဂီ - ဆီဗီလာ 

စတန်းဒက်လီဂီက နိုင်မှဖြစ်မယ်၊ ဆီဗီလာက သရေကစားနိုင်ရင်ပဲ အဆင်ပြေမယ့်အနေအထားကို ပိုင်ဆိုင်ထားတဲ့ပွဲစဉ်ပါ။ အုပ်စုဗိုလ်နေရာအတွက် ဆီဗီလာ အားထည့်ကစားမယ်ဆိုရင်တောင် အိမ်ကွင်းမှာ ခရတ်စ်နိုဒါကို လက်ခံယှဉ်ပြိုင်ရမယ့် အုပ်စု နောက်ဆုံးပွဲစဉ်ဆီကို ရောက်မှသာ အဲ့ဒီအလုပ်ကို သူတို့လုပ်ပါလိမ့်မယ်။ ပြည်တွင်းအမှတ်ပေးပွဲစဉ်တွေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေအကြားမှာ ဟန်ချက်ညီအောင် တတ်နိုင်သမျှ ထိန်းညှိထားရတဲ့ ဆီဗီလာကို မရွေးချယ် ရဲပါဘူး။ စတန်းဒက်လီဂီကို အကြိုက်တွေ့မိတယ်။ 

ဂျာဘလိုနက် - ရန်းနက်စ် 

ရန်းနက်စ်ဟာ အဝေးကွင်းပွဲစဉ်တွေမှာဆိုရင် အစွမ်းပြနိုင်လေ့မရှိပါဘူး။ နောက်ဆုံးယှဉ်ပြိုင် ကစားထားတဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ် ငါးပွဲဆက်တိုက်မှာ ရန်းနက်စ် အရှုံးရလဒ်တွေနဲ့ချည်း ကြုံဆုံရင်ဆိုင်ခဲ့ရ ပါတယ်။ နှစ်သင်းလုံးက နောက်တစ်ဆင့်တက်နိုင်ဖို့ အတွက် အခွင့်အလမ်းတွေ နည်းပါးသွားခဲ့ကြပါပြီ။ အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့အတွက် အားထည့်ပြီး ကြိုးစားကစားတတ်တဲ့ ဂျာဘလိုနက် ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို သဘောကျမိပါတယ်။ ဂျာဘလိုနက်ကို အားပေးလိုက်ပါ။ 

ချယ်လ်ဆီး - ပီအေအိုကေ 

နောက်တစ်ဆင့်တက်ခွင့်ရထားပြီးပြီဖြစ်တဲ့ ချယ်လ်ဆီးဟာ ဒီပွဲမှာ သရေတစ်မှတ် ရယူနိုင်ရုံနဲ့တင် အုပ်စုဗိုလ်နေရာကို ထိန်းသိမ်းပြီး နောက်တစ်ဆင့်ဆီ ရောက်ရှိသွားတော့မှာပဲဖြစ်ပါတယ်။ ပီအေအိုကေက လက်ကျန်မျှော်လင့်ချက်ငွေ့ငွေ့လေးကို အသက်သွင်းဖို့ ကြိုးပမ်းမှာဖြစ်ပေမယ့် အဝေးကွင်းမှာတော့ သူတို့ကို မယုံကြည်ရဲပါဘူး။ စပါးနဲ့ပွဲမှာ ခြေပြတ် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ အသင်းအနေအထားကို ပြန်လည်ပြုပြင်ဖို့ ဒီပွဲမှာ ချယ်လ်ဆီးနည်းပြဆာရီ စနစ်တကျ ပြင်ဆင်သွားပါလိမ့်မယ်။ ချယ်လ်ဆီးရဲ့အနိုင်ရလဒ်ဟာ နှစ်ဂိုးအကွာ ပြတ်သားလိမ့်မယ်လို့ ယုံကြည်ထား လိုက်ပါရစေ။ 

The Voice   

0 comments:

Post a Comment