ဧရာဝတီတိုင်း ပုသိမ် ဝါးယားချောင်းကားလမ်းနံဘေး ရွှေမြင်တင်ရွာအနီးရှိ အမှတ် ၄ အထပ်သားစက်ရုံ ဝန်ထမ်းအိမ်ရာတွင် ယနေ့ နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၉ နာရီခန့်က မီးလောင်ခဲ့ကြောင်း ရွှေမြင်တင်ရွာအုပ်စု ဒေသခံများထံမှ သိရှိရသည်။
အဆိုပါစက်ရုံဝန်ထမ်း ဦးရင်မှူး (ခ) ဦးရင်ကျော်၏အခန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ကျပ် ၁၈ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် သေဆုံး၊ ထိခိုက်မှုမရှိကြောင်း ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်သူရက ပြောကြားသည်။
“အခန်း ၅ ခန်းမှာပဲ ၀န်ထမ်းမိသားစုတွေနေတယ်။ အိမ်ထောင်စု ၅ စုက မိသားစုတွေမရှိတဲ့အချိန် မီးလောင်တာပါ။ ဘာကြောင့် မီးလောင်ရသလဲ စစ်ဆေးနေဆဲပါ။ မီးလောင်နေကြောင်း သတင်းပေးလို့မဟုတ်ဘဲ တိုင်ဒေသကြီး မီးသတ်တပ်ဖွဲ့ရုံးရဲ့ စောင့်ကြည့် ကင်မရာကနေ သိရှိတာပါ”ဟု ၄င်းက ရှင်းပြသည်။
အိမ်ထောင်စု ၅ စုမှ မီးဘေးဒုက္ခသည် အမျိုးသား၊ အမျိုးသမီး ၂၀ ဦးကို စက်ရုံဓမ္မာရုံတွင် ယာယီနေရာချထားပေးပြီး ယင်းမီးလောင်ကျွမ်းမှုကို ပုသိမ်မြို့မ ရဲစခန်းက ပေါ့ဆမီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိကြောင်း တိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရှိရသည်။
ဓာတ်ပုံ - ဝေယံ
The Voice
0 comments:
Post a Comment