ရန်ကုန်မြို့အတွင်းရှိ သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဆေးပေးခန်းများတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပြတ်လပ်သဖြင့် ကာကွယ်ဆေးထိုးရန် လိုအပ်သည့်လူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ ဒေါက်တာနေဝင်းသိန်းက ပြောကြားသည်။
အဆိုပါကာကွယ်ဆေးများကို သက်ဆိုင်ရာမြို့နယ် ဆေးရုံများနှင့် ကျန်းမာရေးဦးစီးဌာနများတွင် ဆေးများကုန်သည်ဟုပြောပါက ယင်းဌာန၏လွှဲစာ (သို့မဟုတ်) သက်ဆိုင်ရာတာဝန်ခံ၏ လက်မှတ်ကို ယူဆောင်လာမှသာလျှင် အစိုးရရုံးပိတ်ရက် အပါအဝင် နေ့စဉ် မွန်းလွဲ ၂ နာရီမှ ၄ နာရီအတွင်း ထိုးနှံပေးမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
“ဒီကာကွယ်ဆေးကို သုံးကြိမ်ထိုးရတယ်။ အနီးစပ်ဆုံး မြို့နယ်ဆေးရုံနဲ့ မြို့နယ်ကျန်းမာရေးဌာနတွေမှာလည်း ထိုးလို့ရပါတယ်။ ထိခိုက်မိတဲ့ ဒဏ်ရာ၊ လူနာအခြေအနေ၊ အသက်အရွယ်၊ ကိုယ်ဝန်ရှိ၊ မရှိ၊ ကိုက်ခံရတဲ့ကြာချိန်တွေအပေါ် မူတည်ပြီးတော့ ဆေးက သုံးကြိမ်ထိုးရတာနဲ့ လေးကြိမ်ထိုးရတာ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး”ဟု ဒေါက်တာနေဝင်းသိန်းက ရှင်းပြသည်။
ထိုကဲ့သို့ ခွေးနှင့် ကြောင်စသည့် တိရစ္ဆာန်များ ကိုက်ခံရပါက ရောဂါဖြစ်သည့်နေရာမှ နာခြင်း၊ ယားခြင်း၊ လေနှင့် ရေကို ကြောက်ခြင်း၊ ရေနှင့် အစာမျိုရခက်ခဲခြင်း၊ သွားရည်တစီစီကျခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်းနှင့် အသက်ဆုံးရှုံးခြင်း စသည့် လက္ခဏာများကို ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
“လမ်းပေါ်က ကြောင်ကုတ်မိလို့ ဗဟန်း ဒေသန္တရမှာ ဆေးသွားထိုးတာ။ လေးကြိမ်ထိုးရမယ် ပြောတယ်။ အရှေ့ပိုင်းနှစ်ရက်ကတော့ အဲဒီမှာပဲ ထိုးရတယ်။ မနေ့ကသွားတော့ ဆေးပြတ်နေလို့ ဆေးရုံကြီးမှာ သွားထိုးပါဆိုပြီး သူတို့လွှဲစာနဲ့ သွားထိုးလိုက်တယ်”ဟု ဗဟန်းမြို့နယ်အတွင်းမှ ကြောင်ကိုက်ခံရသည့် လူနာတစ်ဦးက ပြောဆိုသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးကာကွယ်ဆေးများကို ပထမအကြိမ်သာ ထိုးပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဒုတိယအကြိမ်နှင့် တတိယအကြိမ်များအတွက် ထိုးနှံရမည့် ကာကွယ်ဆေးများကို နီးစပ်ရာမြို့နယ်ဆေးရုံနှင့် ကျန်းမာရေးဦးစီးဌာန(ဒေသန္တရများတွင် သွားရောက်ထိုးနှံရမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
The Voice






0 comments:
Post a Comment