Tuesday, November 20, 2018

ဘဏ္ဍာနှစ်စ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄၀၀ နီးပါးဝင်ရောက်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၃ ခု ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးရရှိကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၄၀၀၀ ကျော်ဖန်တီးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည့်ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍများဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

“လျာထားချက် ကန်ဒေါ်လာ ၆ ဘီလီယံပြည့်မီအောင် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွေလုပ်တယ်။ ဖိတ်ခေါ် ဆွေးနွေးတယ်”ဟု ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ 

ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ဝင်ရောက်ရန် လျာထားသော်လည်း ၂ ဘီလီယံကျော်သာ ဝင်ရောက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။ 

ခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ကန်ဒေါ်လာသန်း ၇၀၀ ကျော်၊ တရုတ်နိုင်ငံက ကန်ဒေါ်လာသန်း ၃၀၀ ဖြင့် ဒုတိယအများဆုံး၊ ဗြိတိန်နှင့် ဂျပန်တို့က အစဉ်လိုက်ရှိနေပြီး ကုန်ထုတ်လုပ်မှု၊ အိမ်ရာနှင့် တယ်လီကွန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားသည်။ 

မြန်မာနိုင်ငံသားများအနေနှင့်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခု ဝင်ရောက်ထားပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၉ သန်း အပါအဝင် ကျပ် ၂၄၁ ဘီလီယံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment