တောင်ကြီးမြို့ရှိ ထီအရောင်းဈေးကွက်ထဲမှာ ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်တွေကို အစိုးရကသတ်မှတ်ဈေးနှုန်းဖြစ်တဲ့ ကျပ်တစ်ထောင်ထက်ပိုမိုရောင်းချမှုတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေထံမှ သိရပါတယ်။
ထီဖြန့်ဖြူးရောင်းချနေကြတဲ့သူတွေက အောင် ဘာလေထီ လက်မှတ်တစ်စောင်ကို ကျပ် ၁၁၅၀မှ ကျပ်၁၂၀၀အထိ ဈေးတင်ရောင်းချနေတာဖြစ်တယ်လို့ ထီကံစမ်းဝါသနာပါသူအချို့က ပြောပါတယ်။
"ထီတွေကို အစိုးရသတ်မှတ်ဈေးထက် ထီဆိုင်ကြီးတွေက ဈေးတင်ရောင်းတယ်။အဲဒီတော့ သူတို့ဆီကနေတစ်ဆင့် ပြန်ရောင်းတဲ့သူတွေက ဈေးပြန်တင်တော့ ဈေးတွေက ကြီးကုန်ရော။ အခုလိုCOVID-19ဖြစ်ပွားနေတဲ့ကာလမှာ မျှော်လင့်စရာဆိုလို့ ဒီထီပဲရှိတော့ ဈေးလျှော့ပေးစေလိုတယ်"လို့ တောင်ကြီးမြို့ဒေသခံပြည်သူဦးစိုင်းခမ်းလူက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။
အခုလိုထီတွေအမြဲတမ်းအစိုးရသတ်မှတ်ဈေးထက် ပိုမိုရောင်းချနေကြတာကို တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်အရေးယူပေးစေလိုတယ်လို့လည်း ဒေသခံပြည်သူတွေက ပြောဆိုလျက်ရှိပါတယ်။
အောင်ဘာလေထီလက်မှတ်တွေကို ကျပ်တစ်ထောင်နဲ့ မရောင်းချပဲ ၁၁၅၀ကျပ်မှ ၁၂၀၀ကျပ်အစရှိသလို ရောင်းချနေရတာဟာ ပင်ရင်းထီဆိုင်တွေကနေ ထီဖြန့်ဖြူးရောင်းချတဲ့ဈေး ကြောင့်ဖြစ်တယ်လို့လည်း ထီလက်လီရောင်းချတဲ့ဦးလှစိုးက ပြောပါတယ်။
"ထီတွေက တံဆိပ်အလိုက် ဈေးပေးဝယ်ရတာ၊ မိုးယံဆိုဈေးပိုတယ်။ သူ့နောက်မှာ အခြားတံဆိပ်တွေကလည်း ဈေးကသိပ်မကွာဘူးဆိုတော့ ကျွန်တော်တို့က တစ်ထောင်နဲ့ ဘယ်လိုမှ မရောင်းနိုင်တော့ဘူး"လို့ ဦးလှစိုးက ပြောပါတယ်။
အောင်ဘာလေထီလက်မှတ်တွေကို ကျပ်တစ်ထောင်ထက်ပိုမိုရောင်းချနေတဲ့အပြင် ထီဈေးကြီးမှု၊ ထီပေါက်ရန် မသေချာမှုတို့ကြောင့် သာမာန်လက်လုပ်လက်စားတွေအနေနဲ့ ထီ ၃စောင်တွဲ ကံစမ်းဖို့ကိုပင် ခက်ခဲနေတယ်လို့ ထီဝါတနာရှင်တစ်ဦးကပြောပါတယ်။
ယခုလအတွက် ၁၈ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်တွေကို ဈေးကွက်ထဲမှာ စတင်ရောင်းချနေပြီဖြစ်ပြီးတော့ အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းတစ်သောင်းခွဲ ချီးမြှင့်ပေးအပ်မှာဖြစ်သလို လာမယ့်သြဂုတ်လ ၁ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
အောင်ဘာလေထီလက်မှတ်တွေကို ကျပ်တစ်ထောင်ထက်ပိုမိုရောင်းချနေတာနဲ့ပတ်သတ်ပြီးတော့ ရှမ်းပြည်နယ်ပြည်တွင်းအခွန်များ ဦးစီးဌာနကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
Ref ; ရွှေတြိဂံဒေသသတင်းလွှာ
0 comments:
Post a Comment