Sunday, July 5, 2020

သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ် စတင်မဲဆွယ်မည်ဟု ပြောဆိုနေမှုများ မှားယွင်းကြောင်း ဦးအောင်ကြည်ညွန့်ပြောကြား၊ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးမှာ မဲဆွယ်စည်းရုံးရေးနှင့်မတူကြောင်း ရှင်းလင်း

သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယခုလတွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု စတင်မည်ဆိုသည့် သုံးနှုန်းဝေဖန်မှုများ မှားယွင်းနေကြောင်း ဒီချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြော သည်။
‘‘ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးဆိုတာ ဒါက မဲဆွယ် စည်းရုံးရေး မဟုတ်သေးဘူးဗျ၊ အောင်နိုင်ရေးအတွက် ပါတီစည်းရုံးရေးအတွက်ပဲ ပါတီစည်းရုံးရေး နဲ့ မဲဆွယ်စည်းရုံးရေး တူမှမတူ တာ၊ ရောထွေး စရာမရှိတာကို ရောထွေးပြီးတော့ ရှင်းနေတာကို ရှုှုပ်အောင်လုပ်တဲ့ သဘောပဲလို့ နားလည်တာပဲ’’ဟု ၎င်းက ပြော သည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ သည် ရွေးကောက်ပွဲဆိုင်ရာပါတီ စည်းရုံးရေးလုပ်ငန်း၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခွင့်ရှိကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည်။
ထို့အတူ လက်ရှိ အာဏာရဒီ ချုပ်ပါတီကလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်တို့သည် ကော်မရှင်၏ ကြေညာချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ တို့အရ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်း ရုံးရေးလုပ်ငန်းများကို စတင် ဆောင်ရွက်မည်ဟု ဇူလိုင် ၂ ရက် တွင် ကြေညာသည်။
ယင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်ထားခြင်းမရှိ သေးမီမှာပင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များက ကြိုတင်မဲဆွယ် စည်းရုံးခွင့် ရရှိနေသည်ဟုဆိုကာ နိုင်ငံရေးပါတီအချို့က ဝေဖန်မှု များရှိသည်။
နိုင်ငံအဆင့် တာဝန် ထမ်းဆောင်သူအချို့ကို ကွက်၍ မဲဆွယ်စည်းရုံးခွင့် အချိန်စောပြီး ရရှိစေရန် မမျှမတ စီမံပေးသည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း ပြည် ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ် ဆင့် ဝေဖန်သည်။
ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ငံအကြိမ်ကြိမ် ဆက်သွယ်သော် လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။ ဒီချုပ်ဗဟိုအလုပ်အမှု ဆောင် ဦးအောင်ကြည်ညွန့်ကမူ ကော်မရှင်၏ ကြေညာချက်သည် အစိုးရအဖွဲ့ဝင်များအား မဲဆွယ် စည်းရုံးပေးခြင်းမဟုတ်ကြောင်း နှင့် ဒီချုပ်ပါတီ၏ ထုတ်ပြန်ချက် တွင်လည်း မဲဆွယ်စည်းရုံးမည်ဟု သုံးစွဲထားခြင်းမရှိကြောင်း ရှင်း လင်းသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များသည် ပါတီလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပြဋ္ဌာန်း ထားသည်။ သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွင်မူ ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်မည့် အစိုးရအဖွဲ့ဝင်များသည် အထွေထွေရွေးကောက်ပွဲရက် ကြေညာသည့်နေ့ကစ၍ ပါတီစည်းရုံးရေး နှင့် နယ်မြေစည်းရုံးရေး လုပ်ငန်း များဆောင်ရွက်နိုင်ကြောင်း ဖော် ပြထားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲမတိုင်မီကလည်း ယင်းပြဋ္ဌာန်းချက်ကို ကိုးကား၍ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ ရွေး ကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်မည့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်း ရုံးရေး ဆောင်ရွက်နိုင်ကြောင်း ယခင်ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် အစိုးရအဖွဲ့ဝင်များ ပါတီလုပ်ငန်းဆောင်ရွက်နိုင်စေ ရန် ကော်မရှင်က ထုတ်ပြန်ပေး သည်ဟု နားလည်ကြောင်း ရွေး ကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ် ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက် တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။
‘‘ဒီပုဂ္ဂိုလ်တွေ (အစိုးရအဖွဲ့ ဝင်များ)က သူတို့ရဲ့ရာထူး၊ ရာခံတွေနဲ့ ပါတီစည်းရုံးရေးကို ဘယ်လိုခွဲမလဲ၊ နိုင်ငံတော် စီမံကိန်းတွေ သွားပြီးလည်ပတ်တာကို ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လို့ပြောမလား၊ အဲဒီအသုံးစရိတ် တွေကို ဘယ်ထဲထည့်မလဲဆိုတာ တွေက ပိုအရေးကြီးတယ်လို့ယူဆ ပါတယ်’’ဟု ၎င်းက မှတ်ချက်ပြု သည်။
Crd : 7Days

0 comments:

Post a Comment