Sunday, July 5, 2020

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည့် ရဲရာထူးခန့်ချုပ်ကို ထောင်ဒဏ်သုံးနှစ်ချမှတ်

ရာထူးတိုးပေးမည်ဟုဆိုကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည့် ရဲရာထူးခန့်ချုပ်ကို ရာထူးမှ ထုတ်ပယ်ကာ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်း ရဲအရာရှိကြီးတစ်ဦးဖြစ်သည့် ရဲရာထူးခန့် ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို ရဲတရားရုံး ဖြင့် စစ်ဆေးပြီး ရာထူးမှထုတ်ပယ်ကာ ထောင်ဒဏ်ချမှတ်လိုက်ပြီး ဇူလိုင် ၃ ရက် ညနေပိုင်းက ရမည်းသင်းအကျဉ်းထောင် သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
"ရဲတရားရုံးကအမှုကို အပြီးသတ်စစ်ဆေးပြီး ထောင်သုံးနှစ်ချလိုက်ပါတယ်။ ထောင်ကို ပို့လိုက်ပါပြီ။ ဇူလိုင် ၃ ရက် ညနေ ၆ နာရီခွဲမှာ ရမည်းသင်း အချုပ်ထောင်ရောက်ပါတယ်"ဟု အမည်မဖော် လိုသည့် ရဲအရာရှိတစ်ဦးက ပြောဆို သည်။
ရဲမှူးချုပ်ဇော်မိုးသန်းသည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာနကြီး ရဲလေ့ကျင့်ရေး အရာရှိချုပ်အဖြစ်မှ ရဲရာထူးခန့်ဌာနကြီး ရဲရာထူးခန့်ချုပ် အဖြစ် ၂၀၁၈ ခုနှစ် ဧပြီ၂၆ရက်က ပြောင်း ရွှေ့လာသူဖြစ်သည်။
လိင်အမြတ်ထုတ် သည့်ကိစ္စနှင့်ပတ်သက်ပြီး ရဲတရားရုံးက စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် ရာထူး မှ ထုတ်ပယ်ပြီး ထောင်ဒဏ်ချမှတ်လိုက် ခြင်းဖြစ်သည်။
"အပြောင်းအရွှေ့ အလွန်ကြမ်း တယ်။ ဒီလူက အောက်ခြေက တပ်ဖွဲ့ဝင် တွေကို နည်းလမ်းပေါင်းစုံနဲ့နှိပ်ကွပ်တာ။ ခုကိစ္စက ရာထူးတိုးပေးမယ်။ နေချင်တဲ့ နေရာမှာနေဖို့ လုပ်ပေးမယ်ဆိုပြီး ဒုရဲအုပ် မလေးတွေကို ခေါ်အိပ်သတဲ့။ ပျဉ်းမနား က အဲဒီရဲမှူးချုပ်ပိုင်တဲ့ ဟိုတယ်ကို ခေါ်ပြီးအိပ်သတဲ့။ ပြီးတော့ နေပြည်တော် မှာ နေချင်ပါတယ်ဆိုတဲ့ ဒုရဲအုပ်မလေးကို ဧရာ၀တီတိုင်းကို ပြောင်းပစ်တယ်။ အဲဒီမှာ အတိုင်ခံရတာပဲ။ ဒီလူက ရဲတွေကို ရာထူးတိုးမြှင့်ရေးမှာ ဒုက္ခပေးနေသူပေါ့"ဟု လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်အထိ ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လက်ထက်တွင် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းအပါအဝင် ရဲမှူးချုပ်အဆင့်ရှိ အရာရှိကြီးသုံးဦးအား အရေးယူဆောင်ရွက်ခဲ့သည်။ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မိုးသန်း အောင် (ရာထူးမှထုတ်ပယ်ပြီး ထောင်ဒဏ်ခြောက်လချ)၊ ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင် အောင် (ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး ရဲတပ်ဖွဲ့မှထုတ်ပယ်)တို့ ဖြစ်သည်။
Crd : The Standard Time

0 comments:

Post a Comment