Sunday, July 5, 2020

COVID-19ကြောင့် တောင်ပြုန်းပွဲတော် ကျင်းပရန်မသေချာသေးသော်လည်း ရိုးရာအစဉ်အလာများကိုအကျဉ်းချုံး ပြုလုပ်သွားမည်ဟုသိရ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲတော်နှင့်တောင်ပြုန်းမင်းနှစ်ပါးနတ်ပွဲတော် ကျင်းပရန် မသေချာသေးသော်လည်း ရိုးရာအစဉ်အလာများကိုအကျဉ်းချုံး ပြုလုပ်သွားမည်ဟု ပွဲတော်ကျင်းပရေးကော်မတီက သိရသည်။
တောင်ပြုန်းပွဲတော်သည် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော COVID - 19 ကပ်ရောဂါအခြေအနေကြောင့် အစိုးရအဖွဲ့၏ ထုတ်ပြန်ထားသည့်အမိန့်ညွှန်ကြားချက်များရှိနေ သေးသော ကြောင့်ပွဲတော်ကျင်းပရန် မသေချာသေးခြင်းဖြစ်ကြောင်း သိရသည်။
“အခုအချိန်က ပွဲတော်နဲ့ပက်သတ်ပြီး လေလံကိစ္စတွေဆောင်ရွက်ရမှာဖြစ်တဲ့အတွက် သြဝါဒဆရာတော်ကြီးတွေကို သွားရောက်လျှောက်ထားတဲ့အခါမှာ အခြေအနေအပေါ်မူတည်ပြီး အစိုးရက ဖြေလျှော့မှုတွေလုပ်လာမှသာ လုပ်နိုင်မှာမို့ စောင့်ကြည့်ဦးလို့ မိန့်ပါတယ်၊ အဲဒီတော့ ပွဲတော် ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ အတိအကျပြော လို့တော့ မရသေးဘူးပေါ့နော်၊ သို့သော်လည်း ရိုးရာအစဉ်အလာကိစ္စတွေနဲ့ သံဃာဆွမ်းလောင်းပွဲကတော့ အကျဉ်းချုံးပြီး လုပ်ဖို့တော့ စီစဉ်ထားပါတယ်”ဟု ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးကျော်ကျော်က ပြောသည်။
တောင်ပြုန်းပွဲတော်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ပြီး စတင်ကျင်ပစဉ်က တောင်ပြုန်းကျေးရွာအတွင်းရှိ အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့်စေတီတော်၏ ဗုဒ္ဒပူဇနိယပွဲ တော်တစ်ခုဖြစ်ခဲ့သော် လည်း ယခုအခါတွင် ဘုရားပွဲတော်ထက် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်(ရိုးရာနတ်ပွဲ) အဖြစ် လူသိပိုများလာခြင်းဖြစ်သည်။
"သံဃာဆွမ်းလောင်းလှုပွဲက အဓိကပေါ့၊ ပြီးတော့ တောင်ပြုန်းအရှင်နှစ်ပါးပွဲတော်နဲ့ပတ်သက်လို့ရိုးရာအရ အကျဉ်းရုံးပြီး လုပ်ဆောင်ရမယ့်ကိစ္စတွေကို သူ့နေ့သူ့ရက်နဲ့လုပ်ကြရတာတွေရှိတယ်၊ ဒါကြောင့် နတ်နဲ့ ပတ်သက်တဲ့ကိစ္စဖြစ်စေ၊ ဘုရားကို လပြည့်နေ့မှာ ဆွမ်းကပ်ရတဲ့ကိစ္စမျိုးပဲ ဖြစ်စေ တိုင်းအစိုးရ ဒါမှမဟုတ် မြို့နယ်သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ဘယ်လို ဆောင်ရွက်ရဦးမယ်ဆိုတာတော့ မသိသေးပါဘူး"ဟု ဦးကျော်ကျော်က ဆက်လက် ပြောသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ ရိုးရာအစဉ်အလာ နတ်ကိုးကွယ်ယုံကြည်သူများ၊ ပွဲတော်ပျော်သူများဖြင့် လူဦးရေသိန်းချီ လာရောက်လေ့ရှိသော တောင်ပြုန်းပွဲတော်ကို ၂၀၁၇ ခုနှစ် နှစ်က ပွဲတော်ကျင်းပရန် ရက်ပိုင်းအလို၌ ရာသီတုပ် ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး ကျန်းမာ ရေးဆိုင်ရာ စီမံခန့်ခွဲနိုင်ရေး အထူးအစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် မန္တလေးတိုင်းအစိုးရက ရက်အ ကန့်အ သတ်မရှိ ရွှေ့ဆိုင်းပိတ်သိမ်းခဲ့ဖူးသည်။
“ကိုဗစ်ရောဂါအခြေအနေက အခုအချိန်ထိ ဘာမှန်းကို မသိရသေးဘူး၊ ဒီလိုအချိန်မျိုးမှာ လူစည်ကားမှုများပြား စေမယ့် ဘယ်လိုပွဲလမ်းသဘင်တွေကိုမှ ခွင့်ပြုမပေးသင့်သေးဘူး၊ လုပ်လည်း မလုပ်သင့်သေးဘူး၊ တစ်နှစ်က လည်း တောင်ပြုန်းပွဲတော်ကျင်းပဖို့ လုပ်ပြီးမှ အခုလို ကျန်းမာရေးကိစ္စဖြစ်လာလို့ ပိတ်ခဲ့ရဖူးတယ်လေ၊ အဲဒီ တုန်းက ကျွန်တော်တို့နိုင်ငံတစ်ခုတည်းရဲ့အခြေအနေလေ၊ အခုက တစ်ကမ္ဘာလုံးနဲ့ရင်ဆိုင်နေရတာဆိုတော့ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် တောင်ပြုန်းပွဲက လုပ်ကိုမလုပ်သင့်တာပါ”ဟု မန္တလေးမြို့ခံ ကဗျာဆရာ ဖြိုးဟံသာက ပြောသည်။
တောင်ပြုန်းပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၁၀ ရက်တွင် ညီလာခံသဘင်ကျင်းပခြင်း၊ လဆန်း၁၁ရက်တွင် မင်းနှစ်ပါးချိုးရေတော်သုံးပွဲကျင်းပခြင်း၊ လဆန်း၁၄ရက်တွင် ယုန်ထိုး ပွဲတော်ကျင်းပခြင်း၊ ဝါခေါင်လပြည့်နေ့တွင် ထိန်ပင်ခုတ်ပွဲတော်ကျင်းပခြင်းများကို ပြုလုပ်ပြီး နှစ်စဉ် ဝါခါင်လဆန်း( ၈) ရက် မှ (၁၅ )ရက် အထိ ကျင်းပကြောင်းသိရသည်။
Crd : PyiMyanmar

0 comments:

Post a Comment