Friday, July 3, 2020

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးလုပ်ငန်းများစတင်ဆောင်ရွက်မည့် NLD ၏ ကြေညာချက် အခြားနိုင်ငံရေးပါတီများအတွက် တရားမျှတမှုမရှိကြောင်း တိုင်းရင်းသားပါတီများပြော

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံ)နှင့် ဒုတိယဥက္ကဋ္ဌ(၁)ဦးဝင်းမြင့်(သမ္မတ)တို့ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ် ကြောင်း ယခုလ ၂ ရက်က NLD ပါတီမှ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်သည် အခြားနိုင်ငံရေးပါတီများအတွက်မျှတမှုမရှိကြောင်း တိုင်းရင်းသားပါတီများမှ People Media သို့ပြောသည်။
ယင်းကြေညာချက်နှင့်ပတ်သက်ပြီး ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က အခြားပါတီများအား လူ ၅ ဦးထက် ပိုမိုမစုဝေးစေပဲ NLD ပါတီမှ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း ကြေ ညာခြင်း သည် မျှတမှုမရှိကြောင်းပြောသည်။
“ဘယ်လောက်ပဲအမိန့်ုထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ။ သူတို့လုပ်ပိုင်ခွင့်ရှိနေတော့လုပ်ကြမယ်ထင်တာပဲလေ။ သူများကိုတော့ပြောတာပေါ့ ကျန်တဲ့ပါတီတွေကြတော့ ၅ ယောက်ထက်မစုရလုပ်ပြီးတော့ သူတို့က တော့ ကြိုက်သလိုလုပ်တယ်ဆိုတော့ ဒါတရားမျှတမှုရှိတယ်မရှိဘူးဆိုတာ သူတို့ဟာ သူတို့အသိဆုံးဖြစ်မယ် ထင်တယ်”ဟု ဦးစောသန်းမြင့်ကပြောသည်။
NLD အစိုးရအနေဖြင့် မည်သို့ပင်စိတ်ကြိုက်လုပ်ဆောင်သည်ဖြစ်စေ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲသာ အဓိကဖြစ်ကြောင်းလည်း ဦးစောသန်းမြင့်ကပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူတွေကတော့ သူတို့ကို အကုန်လုံးနားလည်နေပြီဆိုတာ သူတို့ကို သိစေချင်တာ ပေါ့နော်။ ကြိုက်သလိုပဲ ကြိုက်တဲ့အာဏာနဲ့ ကြိုက်တဲ့ပါဝါနဲ့ ကြိုက်သလိုပဲ ရွေးကောက်ပွဲကော်မရှင်က ဘယ် လောက်ပဲ ဖေးကူပဲပေးပေး ပြည်သူတွေရဲ့ဆန္ဒက အဓိကဖြစ်တယ်။ နမူနာပြောရမယ်ဆိုရင် ပြီးခဲ့တဲ့အစိုးရ လက်ထက်ကလည်း ဒီအတိုင်းပဲလုပ်ခဲ့တာလေ။ ဒါပေမယ့် ပြည်သူတွေရဲ့ဆန္ဒက ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ အဲဒီတော့အခုအစိုးရလည်းကြိုက်တာလုပ်။ ပြည်သူတွေကလည်း ပြည်သူကတော့ ရင်ထဲမှာဆုံးဖြတ်ထားပြီးသားရှိမယ်လို့ယုံကြည်တယ်”ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌဦးစောသန်း မြင့်ကပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က NLD ပါတီ၏ ကြေ ညာချက်သည် နိုင်ငံရေးပါတီများအတွက် မမျှတကြောင်းနှင့် အစိုးရဖြစ်သည့်တွက် လက်ဦးမှုယူခြင်းသည် ကောင်းသည့်အစဉ်အလာမဟုတ်ကြောင်းပြောသည်။
“တစ်ခုတော့ရှိတာပေါ့ဗျာ။ အစိုးရဆိုတာ သူ့အတွက်လက်ဦးမှုယူတာကြီးပဲ။ အဲဒီအစဉ်အလာလဲကောင်းတဲ့ အစဉ် လာမဟုတ်ဘူးဗျ။ ဘယ်သူပဲဖြစ်ဖြစ် ငါအစိုးရဖြစ်တဲ့အတွက် လက်ဦးမှုယူမယ်။ တစ်ခြားလည်း အသာစီး ယူမယ်ဆိုရင်တော့ အဲဒီစိတ်စေတနာမျိုးနဲ့ဆိုရင် နိုင်ငံတော့်အတွက်အရမ်းခက်ခဲတယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။
NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံ)နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်(သမ္မတ)တို့ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မည့်ကြေညာချက်နှင့် ပတ်သက်ပြီး အခြားနိုင်ငံရေးပါတီများမှလည်း NLD ပါတီအပေါ်ဝေဖန်ပြောဆိုမှုများရှိနေသည်။
Ref ; People Media

0 comments:

Post a Comment