Monday, December 12, 2022

တရုတ်က ကိုဗစ်စည်းမျဉ်းတွေ ဖြည်လျော့မှုအပေါ် နယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာဖို့ ကုန်သည်တွေမျှော်လင့်

တရုတ်နိုင်ငံအတွင်း ကိုဗစ်စည်းမျဉ်းဖြည်လျော့မှုတွေ တောက်လျှောက်ပြုလုပ်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နှစ်ကူးပြီးပါက ကုန်သွယ်ရေးအခုထက်ပိုမိုကောင်းလာမှာကို မျှော်လင့်နေကြောင်း မှုဆယ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာ မြန်မာဘက်တွင်းမှာတော့ ကျင်စန်းကျော့ ဂိတ်ကလွဲရင် ကျန်ဂိတ်တွေဟာ ပိတ်ထားဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ်က တရုတ်-မြန်မာကုန်သွယ်ရေးဂိတ် လွယ်ဂျယ်ဂိတ်မှာတော့ ရှန်တိန်ခေါ် အဌားယာဉ်မောင်းစနစ်ကိုပယ်ဖျက်မှုရှိကာ ကုန်သွယ်ခွင့်ရနေပြီး နှစ်နိုင်ငံလူအဝင်အထွက်ကိုတော့ ပိတ်ထားပါတယ်။
ထပ်မံပြီး ကိုဗစ်စည်းမျဉ်းဖြည်လျော့တဲ့ အနေနဲ့ရွှေလီ-ကျယ်ဂေါင် တံတားကိုဖြတ်သန်းသွားလာခွင့်ပြုတဲ့အတွက် ကုန်သည်တွေ အဓိကကုန်သွယ်ရေး ဂိတ်တွေပြန်ဖွင့်လှစ်လာဖို့ မျော်လင့်နေကြကြောင်းလည်း သိရပါတယ်။
“တရုတ်ကတဖြည်းဖြည်းဖြည်လျော့လာတဲ့ သဘောပေါ့၊ ဒါကလည်းရောဂါဆိုတာထက် သူနိုင်ငံရေး ရေချိန်အတိုင်း လိုက်လုပ်နေတာပါ။ လာမယ့်ဇန်နဝါရီ ၂၀ ဆို တရုတ်နှစ်ကူးရှိတယ်ဆိုတော့ အဓိကကုန်သွယ်ရေးလုပ်နေတဲ့ ကျယ်ဂေါင်နဲ့မူဆယ်အပေါက်ဖြစ်တဲ့ မန့်ဝန်းဂိတ်၊ ဆင်ဖြူဂိတ် အလယ်ပေါက်တွေကိုလည်း ဖွင့်လှစ်မယ်လို့ ခန့်မှန်းကျတယ်။ ကုန်သယ်တွေက မျှော်လင့်နေတာလည်းပါတာပေါ့။ ဒီဂိတ်တွေဆို တစ်နေ့ကို ကုန်ကားအစီးရေ ၄၀၀ လောက် အဝင်အထွက်လုပ်နေတာ။ ဒီဂိတ်တွေဖွင့်မှ တောင်သူ၊ ကုန်သည်၊ နောက်ပြီး ရွေ့ပြောင်းအလုပ်သမားတွေ အကုန်အဆင်ပြေမှာပါ။ ဒီဂိတ်တွေဖွင့်မှ ကုန်သွယ်ရေးအခက်ခဲတွေ အဆင်ပြေလာမှာပါ” လို့ မူဆယ်နယ်စပ် ကုန်အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။
အခုဖြည်လျော့မှုတွေကြောင့် အဓိကကုန်သွယ်ရေးဂိတ်များဖွင့်လှစ်မှာကို မျှော်လင့်မှုရှိနေပေမယ့် လက်ရှိ ဖြည်လျော့မှုက ကုန်သွယ်ရေးအပေါ် ကြီးမားတဲ့သက်ရောက်မှု မရှိနိုင်ကြောင်းနဲ့ တရုတ်-မြန်မာ အဓိကကုန်သွယ်မှုအကြီးဆုံးဂိတ်ဖြစ်တဲ့ မန်းဝန်းဂိတ်ပြန်လည်ဖွင့်လှစ်မှသာ ထိခိုက်ဆုံးရှုံးမှုများအပေါ် ပြန်လည်ကုစားနိုင်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“အခုလို ဖြေလျော့မှုတွေရှိတယ်ဆိုတော့ အနည်းငယ်မျော်လင့်ချက်တော့ ရှိလာတာပေါ့။ သွင်းအားစုတွေ ဈေးတက်လို့ အထွက်နှုန်းကနည်းရတဲ့အထဲ့ ဈေးကမရ၊ နယ်စပ်ပို့ပြီးမှ ကိုဗစ်ကြောင့် ဝယ်လက်မရှိဘူးဆိုတော့ သီးနှံတွေက ရက်ကြာတော့ အလုံးကမလှတော့ သူတို့ဝယ်မယ်ဆိုတဲ့အချိန်ကျ ဈေးကပိုနှိမ်ပြန်၊ သယ်ဖို့ကလည်းမလွယ်တော့ အရှုံးဘဲရှိတယ်။ အရင်းရဖို့ ဆုတောင်းနေရတဲ့ဘဝတွေ ဖြစ်နေတာ" လို့ ဖရဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
တရုတ်ဘက်ကတော့ အခုလကစပြီး တစ်နိုင်ငံလုံးကို ကိုဗစ်သတ်မှတ်ချက်တွေ ဖြည်လျော့လိုက်တဲ့အပြင် နှာခေါင်းစည်းတပ်ဖို့ကလွဲပြီး ကိုဗစ်ရောဂါကို သာမာန်နှာစေး၊ ချောင်းဆိုးလောက်သာ သတ်မှတ်လိုက်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။
တယ်ဟုန်ပြည်နယ်၊ ရွှေလီမြို့ အပါအဝင် ပြည်နယ်တစ်ခုလုံးကို စာသင်ကျောင်း၊ ဆေးရုံ၊ လူအိုရုံတွေမှအပ လူအများသွားလာရာနေရာတွေကို လွတ်လပ်စွာသွားလာနိုင်ပြီး ကန့်သတ်ချက်တွေဖြည်လျော့ပေးထားတယ်လို့ တယ်ဟုန်အစိုးရက အသိပေးစာထုတ်ပြန်ထားပါတယ်။
ကုန်တင်ယာဉ်မောင်းတွေကို ကိုဗစ်စာရွက်စာတမ်းစစ်ဆေးခြင်း၊ ဆေးစစ်ခြင်း မပြုတော့ပေမယ့် ဝမ်တိန်-ရွှေလီလမ်းပိုင်းက တံတားမှာ အိမ်စီးကားတွေရဲ့ ယာဉ်မောင်းတွေကိုတော့ စစ်ဆေးမှုတချို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

0 comments:

Post a Comment