Sunday, December 18, 2022

တရုတ်က မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံကိန်းစတင်ရန် စီစဉ်နေ

တရုတ်နိုင်ငံက ရပ်ဝန်းနဲ့လမ်းကြောင်း (BRI) စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန်စီမံကိန်းကို စတင်တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ် လီဒိုလမ်းမကြီးတစ်လျှောက်ရှိ မြေဧက (၄,၇၀၀) ကျော်မှာ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန်လို့ ခေါ်တဲ့ နန်ကျင်စက်မှုဇုန်စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုက တည်ဆောက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Economic Times သတင်းစာက ဖော်ပြလာပါတယ်။
စီမံကိန်းတည်ဆောက်ရေးကာလ (၁၅) နှစ် သတ်မှတ်ထားခြင်းကနေ (၁၀) နှစ်ကို လျှော့ချဖို့ ကချင်ပြည်နယ်အစိုးရက အဆိုပြုထားပြီး ရှယ်ယာ (၈၀) ရာခိုင်နှုန်းပိုင်ဆိုင်လိုကြောင်း တရုတ်ကုမ္ပဏီက တောင်းဆိုထားကာ ကျန် (၂၀) ရာခိုင်နှုန်းကို ပြည်နယ်အစိုးရပါဝင်တဲ့ ဖက်စပ်ကုမ္ပဏီက ပိုင်ဆိုင်သွားမှာပါ။
အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါး ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ စီးပွားရေးဇုန်စီမံကိန်းအတွင်း စက်ရုံအရေအတွက် (၅၀၀) ကျော်၊ အဆောက်အအုံ (၅,၀၀၀) ခန့် ပါဝင်လာနိုင်ပြီး ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဖို့ တင်ပြထားတယ်လို့ ယခင်စီမံကိန်းအချက်အလက်တွေအရ သိရှိရပါတယ်။
လက်ရှိ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်၊ သတ္တုတူးဖော်ခြင်းကနေ စိုက်ပျိုးရေးလုပ်ငန်းတွေအထိ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံပြု ရင်းနှီးမြှုပ်နှံမှုအများအပြား ရှိနေပြီး မြစ်ကြီးနားစီးပွားရေးဇုန်က BRI လက်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာမယ်လို့ သိရှိရပါတယ်။
CMEC က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို မြန်မာရဲ့ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ချိတ်ဆက်ဖို့ ပုံဖော်ထားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းများစွာအတွက် ထီးရိပ်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးအတွက် ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment