Friday, December 16, 2022

၂၀၂၀ခုနှစ် ကတည်းက အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့ ဆိပ်ကြီးခနာင်တိုတံတား ၁၉ ရာခိုင်နှုန်းသာပြီးသေး

၂၀၂ဝပြည့်နှစ်ကတည်းက အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့ ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်မှု ၁၉ ရာခိုင်နှုန်းသာ ပြီးသေးတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်နေတဲ့ ဆိပ်ကြီးခနောင်တိုတံတားကို ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးဖို့ ရည်မှန်းခဲ့ပေမယ့် ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကြန့်ကြာမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

တွံတေးတူးမြောင်းကို ဖြတ်ပြီး ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်တို့ကို ဆက်သွယ်တဲ့ ဆိပ်ကြီးခနောင်တိုတံတားကို ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနဲ့တည်ဆောက်နေတာဖြစ်ပြီး တံတား ချဉ်းကပ်လမ်းအတွက် ကျပ် ၂ ဘီလီယံ၊ တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် ကျပ် ၃၂ ဘီလီယံ စုစုပေါင်း ကျပ် ၃၄ ဘီလီယံ အကုန်ကျခံတည်ဆောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဒလမြို့နယ်ဘက်ခြမ်းက ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကာ တိုင် လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၂ ဘီလီယံနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်ဘက်ခြမ်းရှိ ချဉ်းကပ်ရေလယ်တိုင်တချို့ပြီးစီးပြီဖြစ်လို့ ကျန်ရှိတဲ့ ချဉ်းကပ်တံတားတိုင်တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆိပ်ကြီးခနောင်တိုတံတားဟာ အရှည် ၇၄၀ မီတာရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင်ခုံးတံတားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ ပေနဲ့ အကျယ် ၄၅၉ ပေ၊ တံတားခံနိုင်ဝန်( ခွင့်ပြုအလေးချိန်)မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်တယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment