Tuesday, December 27, 2022

မဲစာရင်းပြုစုဖို့ ပရဟိတအဖွဲ့တွေကို စစ်ကောင်စီ သုံးဖို့ ပြင်

လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ်လို့ဆိုတဲ့ ရွေးကောက်ပွဲအတွက်အတွက် မဲစာရင်းပြုစုဖို့ ဆိုပြီး စစ်ကောင်စီဘက်က ပရဟိတအဖွဲ့တွေကို စည်းရုံးလာသလို မဲစာရင်းသင်တန်းပေးတာတွေလည်း ပြုလုပ်လာတယ်လို့ ပရဟိတအသင်းတွေဘက်က ပြောပါတယ်။

စစ်ကောင်စီဟာ မဲစာရင်းတဲ့ လွဲမှားမှုရှိတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့ပြီးနောက် သူစိတ်ကြိုက်ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ပရဟိတ အသင်းတွေကို အခုလို စည်းရုံးလာတာဖြစ်ပါတယ်။။

ရပ်ကွက်လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်အရာရှိနဲ့ ထွေအုပ်အရာရှိတွေက မြို့နယ် ရပ်ကွက်အလိုက် ပရဟိတအသင်းတွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ တွေ့ဆုံပြီးချိန် ပရဟိအဖွဲ့တွေကို မဲစာရင်းပြုစုသင်တန်းတက်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဘက်က ဆက်သွယ်လာတာဖြစ်ပါတယ်။

 ‘’အဲဒီတွေ့ဆုံပွဲပြီးတော့ မဲစာရင်းသင်တန်းလာတက်ပါဆိုပြီး ကျွန်တော်တို့ကို အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတယ်။ ကျွန်တော်တို့ကတော့ ပရဟိတအသင်းဖြစ်လို့ နိုင်ငံရေးဆက်နွှယ်တာတွေ မလုပ်ဘူးဆိုပြီး အကြောင်းပြန်ခဲ့တယ်။ မြို့နယ်ထဲမှာဆိုရင် မဲစာရင်းပြုစုတဲ့သင်တန်းကို မနေ့ကနဲ့ ဒီနေ့လုပ်သွားတယ်။ သွားတဲ့သူနည်းပါတယ်။ ရပ်ကွက်ထဲ အုပ်ချုပ်ရေးမှူးနဲ့ ဆက်စပ်ပြီး ဖွဲ့ထားတဲ့အဖွဲ့တွေကတော့ အဲဒီသင်တန်းသွားတက်ကြတယ်’’ရန်ကုန်မြို့က ပရဟိတအသင်း ဥက္ကဋ္ဌတစ်ဦးက ပြောပါတယ်။

အရင်တုန်းက မဲစာရင်းပြုစုကောက်ယူတာနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ် တစ်လျှောက်လုံးမှာ အင်အားအဖြစ်အသုံးပြုခဲ့တဲ့ ဆရာမ ဆရာမတွေ CDM ပြုလုပ်လို့ အင်အားနည်းပါးနေချိန် အဲဒီအင်အားမှာ အစားထိုးဖို့ စစ်ကောင်စီဘက်က ပရဟိတ အသင်းတွေဘက်ဆီ ဦးတည်လာတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကော်မရှင်ဟာ လူဦးရေစာရင်းပြုစုတာတွေ ပြီးနေပြီဖြစ်ပြီး ပြန်လည်စစ်ဆေးတဲ့ အဆင့်ရောက်နေပြီလို့ ကော်မရှင်နဲ့ နီးစပ်သူတွေကနေ သိရပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်ဟာ တိုင်းနဲ့ပြည်နယ်အဆင့်၊ ခရိုင်နဲ့မြို့နယ်အဆင့် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲတွေ ဖွဲ့စည်းဖို့လည်း ခြေလှမ်းပြင်နေပါတယ်။

နိုင်သူအကုန်ယူစနစ်နဲ့ ကျင့်သုံးလာတဲ့ ရွေးကောက်ပွဲပုံစံကနေ အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးမယ့် လွှတ်တော်ရွေးကောက်ပွဲ အမျိုးအစားတွေကို စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက အတိအလင်း ထုတ်ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့လည်း စစ်ကောင်စီဘက်က ကတိပြုထားပါတယ်။

ဒါပေမဲ့ ပီအာစနစ်အသုံးပြုမယ့် ရွေးကောက်ပွဲဥပဒေလည်း ထွက်မလာသေးသလို ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း မထုတ်ပြန်သေးပါဘူး။

နိုင်သူ အကုန်ယူစနစ်က‌တော့ အရင်က မဲဆန္ဒနယ်မှာ ပါတီက ကိုယ်စားလှယ်က မဲ အများဆုံးရရင်နိုင်တာဖြစ်ပြီး အခုတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲစနစ်ကို လူကိုမဲပေးရမှာမဟုတ်ဘဲ ပါတီကို မဲပေးရဖို့ ရှိနေပါတယ်။

စစ်တပ်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားပြီးတော့ စစ်တပ်ထောက်ခံတဲ့ ပါတီတွေက ပီအာကြောင့် ရလာတဲ့ကိုယ်စားလှယ် အရေအတွက်နဲ့ပေါင်းပြီး စစ်တပ်ထောက်ခံတဲ့ အစိုးရဖွဲ့ကာ စစ်တပ်အာဏာ အုပ်စိုးထားဖို့ ဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေဘက်က ပြောပါတယ်။

ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေဘက်ကတော့ တစ်စုံတစ်ရာ လှုပ်လှုပ်ရှားရှားမတွေ့ရသေးသလို ကြိုတင်ပြင်ဆင်မှုတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။

အစိုးရဘက်က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့အချိန် ရခိုင်ဒေသပါတီတွေအနေနဲ့ ဘာလှုပ်ရှားမှု မရှိသေးတာဟာ ရွေးကောက်ပွဲထက် ရက္ခိုင့်တပ်တော် အေအေရဲ့အာဘော်ကိုပိုပြီး စိတ်ဝင်စားနေတဲ့အလားလာကိုတွေ့ရတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပေမယ့် အဲ့ဒီရွေးကောက်ပွဲဟာ နေရာစုံမှာ ကျင်းပနိုင်ခြေနည်းပါးတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ပြောဆိုကြပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း အပစ်ခတ်ရပ်စဲထားပြီး တည်ငြိမ်မှုတွေရှိနေပေမယ့် ရွေးကောက်ပွဲကာလအထိ တည်ငြိမ်မှုတွေရရှိနေမလားဆိုတာ ပြောဖို့ခက်သလို ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေဘက်က သဘောထားတွေကိုလည်း ထုတ်ဖော်ပြောကြားတာမရှိသေးတဲ့အတွက် ဒီအပေါ် သုံးသပ်ဖို့စောသေးတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာမှာလည်း မငြိမ်မသက်မှုတွေရှိနေသလို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်ဖြစ်တာကြောင့် ရွေးကောက်ပွဲကို ကွက်ကျား ကျင်းပသွားမယ့် အခြေအနေတွေကို မြင်တွေ့နေရပြီး အဓိပ္ပာယ်မရှိတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်တယ်လို့ ထောက်ပြပြောဆိုမှုတွေရှိနေပါတယ်။

 တစ်ဖက်မှာလည်း  ချင်း၊ ကယား၊ စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ တနင်္သာရီလို ပြည်နယ်နဲ့တိုင်းတွေထဲက နေရာအနှံ့ နီးပါး တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လုံခြုံရေးအကြောင်းပြပြီး အဲဒီဒေသအနှံ့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုး ရှိလာနိုင်ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ရွေး‌ကောက်ပွဲ သတ်မှတ်ချက်တွေမှာ ရွေးကောက်ပွဲဖြစ်မြောက်အောင် ကျင်းပရမယ့် အနည်းဆုံးနေရာဒေသ၊ နောက် ကာလ အပိုင်းအခြားစတာတွေ တိတိကျကျ မပြဋ္ဌာန်းတာကြောင့် စစ်ကောင်စီဟာ ဒီအချက်တွေကို အသုံးချပြီး ရွေးကောက်ပွဲ အထမြောက်အောင် ပြုလုပ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။


BBC

0 comments:

Post a Comment