Friday, December 16, 2022

မြန်မာ့ထုတ်လုပ်ရေးကုမ္ပဏီများ၏ အနာဂတ်အလားအလာ မှောင်မိုက်နေဟု စီးပွားရေးပညာရှင်ပြော

နိုင်ငံရေးနောက်ခံအခြေအနေ တင်းမာလျက်ရှိနေချိန်မှာ မြန်မာ့ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ အနာဂတ်အလားအလာက မှောင်မိုက်နေတယ်လို့ S&P Global က စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ပြောကြားထားပါတယ်။
S&P Global က အရေးပါတဲ့ အချက်အလက်တွေကို ရှာဖွေစုဆောင်းပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လိုအပ်သူတွေအတွက် မှန်ကန်တဲ့ အချက်အလက်၊ ကျွမ်းကျင်မှုနဲ့ ဆက်စပ်နည်းပညာတွေကို တင်ဆက်ပေးလျက်ရှိပါတယ်။
S&P Global ရဲ့ Market Intelligence မှ Maryam က ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း စီးပွားရေးအရ ပြန်လည်နာလန်ထူဖို့ ရုန်းကန်ရင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ်ကို ကျော်လွှားဖို့ ကြိုးစားနေရချိန်မှာ ငွေကြေးဖောင်းပွမှုနဲ့ အရေးယူပိတ်ဆို့မှုတွေ ပေါင်းစုံလာမိတဲ့အတွက် ‘‘မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍရဲ့ အနာဂတ်မှာ မှောင်မိုက်လျက် ရှိနေဦးမယ်ဆိုတာ ထင်မိပါတယ်’’လို့ ၎င်းက ဆိုပါတယ်။
S&P Global အနေနဲ့ မြန်မာနိုင်ငံအတွက် မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းကို လစဉ်ထုတ်ဝေလျက်ရှိပြီး ထုတ်လုပ်သူ (၄၀၀) ခန့် ပါဝင်တဲ့ အဖွဲ့တစ်ခုကနေ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာတွေထံ ပေးပို့ခဲ့တဲ့ မေးခွန်းလွှာတွေက ရရှိတဲ့ ဖြေကြားချက်အပေါ် အခြေခံပြီး တွက်ချက်ထားခြင်း ဖြစ်ပါတယ်။
S&P က ဖော်ပြခဲ့တဲ့ နိုဝင်ဘာလထုတ် အညွှန်းကိန်းအတွင်း နောက်ဆုံးရရှိတဲ့ အချက်အလက်တွေက မြန်မာ့ထုတ်လုပ်ရေးကဏ္ဍရဲ့ စွမ်းဆောင်ရည်ဆိုးဝါးလာနေခြင်းကို အချက်ပြနေပြီး ထုတ်လုပ်မှု၊ အော်ဒါအသစ်တွေနဲ့ အလုပ်နေရာတွေထဲမှာ ကျဆင်းမှုပိုမြန်လာခြင်းရဲ့ ရလဒ်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ဖောက်သည်တွေရဲ့ ဝယ်လိုအားပျော့နေခြင်းက အော်ဒါတွေနဲ့ ထုတ်လုပ်မှုကို ကန့်သတ်နေချိန်မှာ ကုန်ကြမ်းရှားပါးမှုတွေနဲ့ လျှပ်စစ်ပြတ်တောက်မှုတွေလို စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်မှုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရုန်းကန်နေကြရတယ်လို့ Maryam Baluch က ဆိုပါတယ်။
ထုတ်လုပ်ရေးတောင်းဆိုချက်တွေ နိမ့်ကျလာတာနဲ့အမျှ ကုမ္ပဏီတွေက ဝန်ထမ်းအရေအတွက် ဖြတ်တောက်ကြသလို အလုပ်သမားတွေက ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို ရှာဖွေဖို့ လက်ရှိလုပ်ငန်းခွင်ကနေ နှုတ်ထွက်မှုတွေ ရှိနေကြောင်း လုပ်ငန်းအချို့က အစီရင်ခံကြပါတယ်။
ထုတ်လုပ်မှုကဏ္ဍတစ်ခုလုံးရဲ့ စွမ်းဆောင်နိုင်စွမ်း ကျဆင်းတာကြောင့် ယခုလမှာလည်း ထုတ်လုပ်သူတို့ရဲ့ ယုံကြည်မှုတွေ အားနည်းလာခဲ့ပြီး ပါဝင်ဖြေကြားခဲ့သူ (၃) ရာခိုင်နှုန်းကပဲ လာမယ့် ၁၂ လ အတွင်း ထုတ်လုပ်မှုကို တိုးချဲ့နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment