Monday, December 26, 2022

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားမှု အပစ်ရပ် ၇ ဖွဲ့ က တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူးလို့ ပြန်အကြောင်းပြန်

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားမှုအပေါ်  အပစ်ရပ် ၇ ဖွဲ့ က တွေ့ဆုံရန် အဆင်မပြေသေးဘူးလို့ပြန်လည်အကြောင်း ပြန်ကြားထားတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားထားပါတယ်။

ယင်းဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖိတ်ကြားလာတာဖြစ်ပြီး အဆိုပါပွဲကို အဖွဲ့တစ်ခု ချင်းစီက ခေါင်းဆောင် အပါအဝင် ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ဖို့နဲ့ ယင်းဆွေးနွေးပွဲကို လာမည့် ဒီဇင်ဘာ ၂၇ ရက်နေ့စပြီးတော့ ၂၉ ရက်အထိ ဆွေးနွေးသွားအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ဖိတ်ကြားခဲ့တာပါ။ 

ယင်းကဲ့သို့ ဖိတ်ကြားမှုအပေါ် အပစ်ရပ် ၇ ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ နှစ်သစ်ကူးကာလဖြစ်လို့ တွေ့ဆုံဖို့ အဆင်မပြေသေးဘူးလို့ ပြန်လည်အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက အပစ်ရပ် ၇ဖွဲ့ဘက်ကနေ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီအား ချင်းမိုင်မှာ တွေ့ဆုံမှုအပါအဝင် ဒီဇင်ဘာလ ၁၅ရက်နေ့ကနေ ၁၇ရက်နေ့အထိ တောင်ကြီး သို့မဟုတ် မော်လမြိုင်မှာတွေ့ဆုံကာ ဒီဇင်ဘာလ ၂၀ရက်နေ့နဲ့ ၂၁ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ တရားဝင်တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့သော်လည်း  စစ်ကောင်စီဘက်ကနေ ပြန်လည် ငြင်းဆိုထားပြီးနောက်ယခုအခါ စစ်ကောင်စီဘက်က တွေ့ဆုံဖို့ ကမ်းလှမ်းမှုကိုလည်း အပစ်ရပ် ၇ ခွဲ့က ပြန်လည် ငြင်းပယ်လိုက်တာပါ။ 

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် စစ်ကောင်စီက တွေ့ဆုံဖို့ ဖိတ်ကြားထားတဲ့  NCA အပစ်ရပ်  ၇ ဖွဲ့ကတော့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ (MNSP) တို့  ဖြစ်ပါတယ်။


MyanmaPlatform

0 comments:

Post a Comment