Monday, December 26, 2022

တောင်းရမ်းရငွေများအားလုံးကို ဘုရားလှူခဲ့လို့ လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေသူ မြဝတီမြို့က အဘိုးဦးတင်ဝင်း နေအိမ်အဖောက်ခံရ၊ဘုရားလှူမည့် ပိုက်ဆံကျပ် ၁၄ သိန်းနှင့်ထိုင်းဘတ် ၂၀၀၀ ပါသွားဟု ဆို

တောင်းရမ်းရငွေများအားလုံးကို ဘုရားလှူခဲ့လို့ လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေသူ မြဝတီမြို့က အဘိုး ဦးတင်ဝင်း အိမ်အဖောက်ခံရပြီး ဘုရားလှူမည့် ပိုက်ဆံကျပ် ၁၄ သိန်းနှင့်ထိုင်းဘတ် ၂၀၀၀ ပါသွားခဲ့တယ်လို့ ဒေသခံပရဟိတသမားတွေက ပြောပါတယ်။

အဘိုးဦးတင်ဝင်းငှားရမ်းနေထိုင်တဲ့ မြ၀တီမြို့ကနေအိမ်ဟာ ဒီဇင်ဘာလ ၂၃ ရက်၊ ညနေပိုင်းအချိန်မှာ ဖောက်ထွင်းခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

"တစ်ယောက်ထဲ အိမ်ငှားဘဝနဲ့နေထိုင်တဲ့ အဖိုးဦးတင်ဝင်းနေအိမ်ကို သော့တူတစ်ချောင်းနဲ့ (၂၃.၁၂. ၂၀၂၂)ညနေပိုင်းမှာ ဖောက်တယ်။ရွှေမြင်းဝန်ဘုရားထံလှူမယ့် ငွေကျပ်သိန်းနှစ်ဆယ်ထဲက ၁၄ သိန်းနဲ့ ထိုင်းဘတ် နှစ်ထောင်သူခိုး ခိုးယူခံရပါတယ်။  ယခုလိုနေ့ခင်းဘက်ပိုက်ဆံပျောက်တဲ့ ကိစ္စဘယ်သူ့ကိုမှသူခိုးလို့မစွပ်စွဲလိုဘူးလို့အဖိုးကရင်ဖွင့်ပြောဆိုလာပါတယ်"လို့ ဒေသခံလူမှုကူညီရေးသမားဖြစ်သူ ကိုဘီဝမ်းက သူ့၏ လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

ဖော်ပြပါ အဖိုးဦးတင်ဝင်းဟာ အသက်(၇၇)နှစ်ရှိပြီဖြစ်ပြီး အိမ်ငှားဘဝဖြစ်နေထိုင်ကာ မိမိပိုင်ဆိုင်သည့်ခြံမြေ များအား ရဟန်းသံယာတော်များသတင်းသုံးရန် စာသင်တိုက်အတွက်ပေးလှူခဲ့သလို မြဝတီမြို့၏ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးဘက်စုံပြုပြင် မွန်းမံရန်အတွက် သူတောင်းစားအမည်ခံပြီး တောင်းရမ်းရငွေများကို ပထမအကြိမ် ခြောက်သိန်းခွဲအပါအဝင် စုစုပေါင်း တစ်ဆယ့်ခြောက်သိန်းခွဲကျပ်လှူထားပြီးပြီဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးသမားတွေက ပြောပါတယ်။

"ခိုးတဲ့သူကအိမ်နီးနားချင်းထဲကပဲဖြစ်ဖို့များတာပေါ့၊အကြောင်းသိထဲကသူပေါ့၊ အဖိုးဆီမှာရှိတာက သိန်း ၂၀  ကို ခိုးတဲ့သူက ၁၄ သိန်းနဲ့ ထိုင်းဘတ် ၂ ထောင်ယူသွားတယ်။ ၆ သိန်းတော့ချန်ခဲ့ပေးတယ်၊အဖိုးက သိန်း ၃၀ ရရင် ဘုရားကိုထပ်လှူမယ်လို့ရည်မှန်းထားတာအခုအဲ့လိုဖြစ်သွားတာပေါ့။အဖိုးက အရင်ကလည်း ဘုရားကို သူတောင်းရမ်းအလှူခံရငွေတွေထဲက နှစ်ကြိမ်လှူထားတယ်။ ၁၆ သိန်းတိတိလှူထားတယ်၊အဲ့လိုအလှူတွေကြောင့် အဖိုးကလိုင်းပေါ်မှာ နာမည်ကြီးသွားတော့ သူ့ကို လှူတဲ့သူတွေ အလှူရှင်တွေကများလာပြီး သူက အဲ့ဒါတွေကို ပြန်လှူမယ်ဆိုပြီးလုပ်ထားတာပေါ့။ဘုရားဂေါပကအဖွဲ့ကိုလည်း အဖိုးကပြောထားတယ်၊ဘယ်နေ့ဘယ်ရက်ကျ လှူမယ်ပေါ့၊အဖိုးက သိန်း ၃၀ ထပ်လှူမယ် ရအောင်လှူမယ်ဆိုပြီးလျာထားတာ အခုက အဲ့လိုတွေဖြစ်သွားတာပေါ့"လို့ မြဝတီမြို့ခံ ပရဟိတသမားတစ်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။

ဒီလိုမိမိအကျိုးအတွက်မကြည့်ပဲ တောင်းရမ်းရငွေများကို အကုန်လုံးပြန်လည်လှူဒါန်းခဲ့သည့် အတွက် အဖိုးဦးတင်ဝင်းကို ချီးကျုးထောပနာပြုတဲ့သူတွေဟာလည်း လူမှုကွန်ရက်ပေါ်မှာ အများအပြားထွက်ပေါ်လာပြီး စီစီညံခဲ့တာပါ။

"နေ့စဥ်အလှူခံရရှိတဲ့ ငွေတွေကို အဖိုးကဘုရားပြန်လှူတယ်။ ဒါကြောင့် အများပြည်သူပေးလှူထားတဲ့ငွေတွေအားလုံးသည် အပယ်တံခါးတယ်လို့လည်း အဖိုးကပြောပါတယ်"လို့ ဒေသခံလူမှုကူညီရေးသမားတစ်ဦးဖြစ်သူ ကိုဘီဝမ်း ဆက်လက်ပြောပြပါတယ်။



Photo - ဘီဝမ်း

ပုံစာ  -တောင်းရမ်းသူအမည်ခံမြ၀တီမြို့က အဘိုးဦးတင်ဝင်းအားတွေ့ရစဉ်

0 comments:

Post a Comment