Tuesday, December 27, 2022

လုံခြုံမှုမြင့်မားသည့် ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး ဆောင်ရွက်နေဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော

ပြည်သူတွေ သန့်ရှင်းကောင်းမွန်ပြီး လုံခြုံမှုအဆင့်အတန်း မြင့်မားတဲ့ ငွေစက္ကူတွေကို ကိုင်တွယ်သုံးစွဲနိုင်ရေးအတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားလိုက်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်တွင်းသုံးငွေစက္ကူတွေ ထုတ်ဝေခြင်းနဲ့ စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေအနေ ဆွေးနွေးပွဲမှာ ဒေါက်တာလင်းအောင်က ပြောကြားခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲကို ဗဟိုဘဏ်၊ ပြည်ထဲရေး၊ ပုဂ္ဂလိကဘဏ် အမှုဆောင်အရာရှိချုပ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးမှုအတွင်း ပြည်တွင်းသုံးငွေစက္ကူတွေနဲ့ ပတ်သက်ပြီး ငွေစက္ကူအတု/အစစ် ခွဲခြားစစ်ဆေးဖို့ ကိစ္စရပ်တွေနဲ့ ဟောင်းနွမ်းငွေစက္ကူတွေ လျော့နည်းပပျောက်စေရေးကိစ္စရပ်စတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပါတယ်။
နစက တာဝန်ယူချိန်ဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ငွေစက္ကူအတု ဖမ်းဆီးရရှိမှုက ပိုမိုများပြားလာတာကို တွေ့ရှိရတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လတုန်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ မှတ်တမ်းတွေအရ ငွေစက္ကူအတု ဖမ်းဆီးရရှိမှုက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ (၁၉) ကြိမ်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ (၆) ကြိမ်နဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ (၂၅) ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်တယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆(င) မှာ ‘‘နိုင်ငံတော်သည် တရားဝင်ထုတ်ထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုရ’’လို့ ပြဌာန်းထားပြီးလည်း ဖြစ်ပါတယ်။
‘‘ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ စိုးရမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာ သုံးစွဲနိုင်ကြောင်း အသိပေး ပြောကြားလိုပါတယ်’’လို့ ၎င်းက ဆိုထားပါတယ်။
သတင်း - BETV Business

0 comments:

Post a Comment