Monday, December 12, 2022

ဂျပန်ချေးငွေဖြင့် ဆောက်လုပ်နေသည့် အမှတ်(၃) သန်လျင်တံတား ၂၀၂၄ နှစ်လည်ပိုင်းတွင် ပြီးစီးရန် ခန့်မှန်း

ဂျပန်အစိုးရရဲ့ အတိုးနှုန်းသက်သာတဲ့ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေနဲ့ ဆောက်လုပ်နေတဲ့ ပဲခူးမြစ်ကူး အမှတ် (၃) သန်လျင်တံတား စီမံကိန်းလုပ်ငန်းတွေကို လာမယ့် ၂၀၂၄ နှစ်လည်ပိုင်းမှာ ပြီးစီးဖို့ ခန့်မှန်းလျာထားကြောင်း သိရှိရပါတယ်။
အမှတ် (၃) သန်လျင်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကာ အတိုင်ပင်ခံဖြစ်တဲ့ ဂျပန် Joint Venture of Nippon Koei ရဲ့ ကြီးကြပ်မှုနဲ့ တစ်ဆင့်ခံကန်ထရိုက်တာ (Sub-Contractor) ကုမ္ပဏီ (၇)ခုက ပူးပေါင်းဆောင်ရွက်နေတာပါ။
တံတားစီမံကိန်းအတွက် JICA က ODA ချေးငွေ ဂျပန်ယန်း (၃၁) ဘီလီယံ ထောက်ပံ့ပေးထားပြီး အပိုင်း (၃) ပိုင်းခွဲကာ တည်ဆောက်နေတာလို့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းရုံးမှ အင်ဂျင်နီယာချုပ် ဦးထွန်းလင်းက ပြောပါတယ်။
‘‘တံတားကြီးကို အပိုင်း (၃) ပိုင်းခွဲပြီး တည်ဆောက်နေတာပါ။ အခုဆို သာကေတဘက်ခြမ်းမှာရှိတဲ့ စီမံကိန်းအပိုင်း (၃)က ကုန်းပေါ်မှာဖြစ်တော့ တည်ဆောက်ရတာလဲ လွယ်တယ်။ ဒီအတွက် မှန်းတာထက်ကို တော်တော်လေး လုပ်ငန်းတွေ ပြီးစီးနေပါပြီ’’လို့ ဆိုပါတယ်။
တံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်နောက်ပိုင်း တစ်နှစ်ခန့် တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်နားခဲ့ရပြီးနောက် ပြန်လည်ပတ်ခဲ့တာဖြစ်ပြီး ယခုအခါ သာတေတဘက်ခြမ်း အပိုင်း (၃) က ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ။
နောက်ထပ် ဂျပန် ODA စီမံကိန်းအဖြစ် JICA ချေးငွေနဲ့ စတင်ခဲ့တဲ့ အရှေ့- အနောက်စီးပွားစင်္ကြံစီမံကိန်းရဲ့ အစိတ်အပိုင်း ဂျိုင်း (ဇာသပြင်)တံတားနဲ့ အတ္တရံတံတားအသစ် အဆင့်မြှင့်တင် တည်ဆောင်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ တံတားဦးစီးဌာနက ပြောဆိုထားပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေးမီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ တရားဝင်ဖွံ့ဖြိုးမှုချေးငွေ (ODA) နဲ့ ဆက်လက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment