Thursday, December 15, 2022

လက်နက်ကိုင်များစုပေါင်းကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့၌ လူမျိုးအတွက် စွမ်းဆောင်ပေးသူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်မည်

လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာတွင် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများစုပေါင်း၍ ယခု ဒီဇင်ဘာလ (၂၂) ရက်တွင် ကျင်းပမည့် အမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားများအတွက် စွမ်းဆောင်လုပ် ကိုင်ပေးသူများအား ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီ၏ ထုတ်ပြန်လာသည့် ကြေညာချက် စာရင်းအချက်အလက်များအရ သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဆုကို ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးကော်မတီအဖွဲ့က ချီးမြှင့်မှာဖြစ်ပြီး ၎င်းဆု တွင် စာပေနှင့်အနုပညာ၊ ဘာသာရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်ဆိုင်ရာ စောင့် ရှောက်မှု၊ ငြိမ်းချမ်းရေး၊ အမျိုးသားရေး၊ တော်လှန်ရေး၊ နိုင်ငံရေး၊ စစ်ရေးနှင့် ဘက်စုံထူးချွန်သူများ စသည့် ဂုဏ်ထူးဆောင်ဆုများပါဝင်သည်ဟု သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရသူများတွင် ကရင်တော်လှန်ရေး ဂုဏ်ထူးဆောင်ဆုမှာ လက်ရှိ ကရင်အမျိုးသားအစည်းရုံး(KNU/KNLA)၏ ဗဟိုစစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ကွယ်လွန်သွားပြီး ဖြစ်သည့် ဗိုလ်ချုပ် မောင်မောင်(KNU)၊ ဗိုလ်မှူး စောတူးတူး၊ စစ်ရေး ဂုဏ်ထူးဆောင်ဆုတွင် ကရင်ငြိမ်း ချမ်းရေး(KNU/KNLA(PC) ဗိုလ်ချုပ်ကြီး စောထော့လေး၊ ဗိုလ်ချုပ်ကြီးစောလားဘွယ်(DKBA)၊ ဗိုလ်ချုပ် ထွန်းလှိုင်(BGF)၊ ဗိုလ်ချုပ် ဖါးနွီး(BGF)၊ ဘက်စုံထူးချွန်ဆုတွင် အရှင်ဉာဏ်က (မြိုင်ကြီးငူ ဒုတိယဆရာ တော်)နှင့် ဗိုလ်မှူးချုပ် စောချစ်သူ(BGF)တို့ ဖြစ်ကြသည်။

၎င်းအပြင် နိုင်ငံရေး ဂုဏ်ထူးဆောင်ဆုတွင် ဦးစောဟန်သိန်း(ရန်ကုန်)၊ စောခင်ကျော်ဝင်း(ရန်ကုန်)၊ ဦး စောအောင်ပွင့်(ဖားအံမြို့)၊ ဦးစောဘိုးနီ(ဖားအံမြို့နှင့် မန်းစောရွှေ(ဖားအံမြို့ )၊ ဖွံ့ဖြိုးရေး ဂုဏ်ထူး ဆောင်ဆုတွင် လက်ရှိ ကရင်ပြည်နယ် စစ်ကောင်စီ၏ ဝန်ကြီးချုပ် စောမြင့်ဉီး၊ ဝန်ကြီးစောခင်မောင်မြင့်၊ ဘဒ္ဒန္တစိတ္တရ(ဝဲခမိကျောင်းဆရာတော်၊ မွန်ပြည်နယ်)နှင့် ဦးစောအုန်းတင်(လှိုင်းဘွဲမြို့)၊ အမျိုးသားရေး ဂုဏ်ထူးဆောင်ဆုတွင် နန်းစေးအွာ(ယခင် ပြည်သူ့လွှတ်တော်အမတ်)တို့ ဖြစ်ကြသည်ဟု ပွဲကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မိမိလူမျိုးများတွင် ကဏ္ဍစုံမှ ကရင်လူမျိုးအတွက် စွမ်းစွမ်းတမံ အကျိုးပြုနေကြသည့်သူများ အများ အပြားရှိနေသော်လည်း အသိအမှတ်ပြုခံရမှု နည်းပါးနေသည့်အတွက် ယခုလို ဂုဏ်ပြုဆုပေးပြီး အသိအ မှတ်ပြုပေးသည့်သဘောမျိုးပါဝင်သည့်အတွက် နောင်လာနောက်သားကောင်းသည့်ဘက်မှ အားကျအတုယူဖွယ် အစဉ်အလာတစ်ခုဖြစ်သည်ဟု ဖားအံမြို့ခံ ကရင်လူငယ်တစ်ဦးက ပြောသည်။

၎င်းက “ ဒီလိုဂုဏ်ထူးဆောင်ဆုပေးတဲ့ အစဉ်အလာက ကျနော်တို့ နောင်လာနောက်သားတွေအတွက် ကောင်းတယ်။ အတုယူဖွယ် တစ်ခုပေါ့။ အများအကျိုးအတွက် ကိုယ့်ကရင်လူမျိုးလုပ်ရပ်တွေကို အသိ အမှတ်ပြုဖို့က ကိုယ့်လူမျိုးကပဲရှိတယ်။ မိမိလူမျိုးကို မိမိအသိအမှတ်မပြုနိုင်ရင် ဘယ်လူမျိုးက လာပြီးအသိအမှတ်ပြုမလဲပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီ ဂုဏ်ထူးဆောင်ဆု ပေးအပ်ချီးမြှင့်ခံရမည့် လူပုဂ္ဂိုလ် အချို့အပေါ် ကရင်လူထုအချို့က ဝေဖန်မှုများရှိနေသလို အဆိုပါ ဝေဖန်မှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် ကရင်လူငယ်တစ်ဦး ယခုလို မှတ်ချက်ပြုပြောသည်။

၎င်းက “ ရွေးချယ်ခံရတဲ့ သူတွေထဲမှာ ကရင်တော်လှန်ရေးအဖွဲ့ပေါင်းစုံလည်းပါတယ်။ နိုင်ငံရေးဘက်မှာလည်း လူစုံပါတယ်။ ကြိုက်သူတွေပါလာနိုင်တယ်၊ ကိုယ်မကြိုက်တဲ့ သူလည်း ပါလာနိုင်ပါတယ်။ ဒါတွေက ပြဿနာမဟုတ်ပါဘူး၊ သဘာဝပါပဲ။ ကျနော်တို့ ကြည့်ရမှာက ပုဂ္ဂိုလ်ရေးနဲ့ လုပ်ရပ်ရည်ရွယ်ချက်တွေပါ။ လူဆိုတာက ပြီးပြည့်စုံတယ်လို့တော့ ဘယ်ရှိနိုင်ပါ့မလဲပေါ့၊ အနှစ်သာရ ကြည့်ရမှာက ကရင့်အရေးနဲ့ စုပေါင်းစည်းလုံးညီညွတ်နိုင်ရေးပဲ ကျနော်ပြောချင်ပါတယ်။” ကေအိုင်စီသို့ ပြောသည်။

ကြာအင်းကျေးရွာတွင် ကျင်းပမည့် ထိုနှစ်သစ်ကူးပွဲကို ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင့်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF) စုပေါင်းပြု လုပ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ကရင်ပြည်နယ်ဒေသအသီးသီးမှ ကရင်ရိုးရာဒုံးအကပြိုင်ပွဲများနှင့် ရိုးရာအကများ၊ ဘောလုံးအားကစားပြိုင်ပွဲအပါအဝင် အခြားအားကစားပွဲ များနှင့် ကရင့်ခေတ်ပေါ်ဂီတပွဲတော်၊ ကရင်ဇာတ်သဘင်စသည့် ဖျော်ဖြေမှုများပါဝင်သည်ဟု ဒေသခံများက ပြောသည်။



KIC

0 comments:

Post a Comment